• Home
  • ကျွန်ုပ်သည်…
Subscribe: Posts | Comments | E-mail
  • ကျွန်တော်ချစ်တဲ့ကဗျာအရာရာ ရင်ဘတ်ထဲကလာတာသေချာပေမယ့် အရာရာတိုင်းကတော့ ရင်ဘတ်ထဲ ပြန်ဝင်သွားလေ့မရှိဘူး .. တွေ့တဲ့အတိုင်း .. ဟိုဟို ဒီဒီ.. တစ တစနဲ့ တစစီ...
  • ခရီးတွေရဲ့အကြောင်းသွားခဲ့ လာခဲ့ ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရလေးတွေရဲ့ အကြောင်းပေါ့
  • ရောက်တက်ရာရာဒီရေးရင်း ဟိုရောက်.. ဟိုရေးရင်း ဒီရောက်.. နောက်ပြီး ဟိုမရောက်ဒီမရောက်တွေရော ပါဝင်နေသော အကန့်

DarkMatter A Blog.com weblog

Posted on January 30, 2012 - indevildual

သက်မဲ့များနှင့် စကားပြောခြင်း

ရောက်တက်ရာရာ

သက်မဲ့ပစ္စည်းတွေနဲ့ ဘယ်လိုစကားပြောမလဲ၊ သူတို့မှ ပြန်မပြောနိုင်တဲ့ဟာနော်။ အဲဒီလိုထင်ရပေမယ့် လူတိုင်းဟာ သက်မဲ့တွေနဲ့ စကားအတော်များများ ပြောခဲ့ကြတာချည်းပါပဲ။ စိတ်ခံစားမှုကိုလိုက်လို့ သူတို့ရဲ့ စိတ်ထဲမှာများ ဒါမျိုးဖြစ်နေမလား၊ ဒါဆိုရင် ငါသူ့ကို ဘယ်လိုပြောမှဖြစ်မယ်ဆိုပြီးတော့ စိတ်ထဲကနေ ပြန်ပြောဖြစ်လေ့ရှိပါတယ်။ မြန်မာဗွီဒီယိုကားတွေထဲမှာတော့ အသံထွက်ပြီးပြောကြတာ တွေ့ဖူးတယ်ဗျ။ ကျွန်တော်က ငယ်ငယ်လေးကတည်းက သက်မဲ့ပစ္စည်းတွေနဲ့ စကားသိပ်ပြောခဲ့တာ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး တခြားကလေးတွေလိုပါပဲ အရုပ်ကလေးတွေနဲ့ စကားပြောရင်းကစားတာပေါ့၊ ဒါများနော် စာထဲထည့်ရေးနေသေးတယ်လား။ ကလေးတွေရဲ့ စိတ်ကူးပုံဖေါ်မှုကိုလိုက်လို့ သူ့သဘာဝနဲ့သူ အရုပ်ကလေးတွေနဲ့ စစ်တိုက်မယ်၊ ဟိုဘက်သည်ဖက်၊ အသံမျိုးစုံကိုပါးစပ်ကထွက်လို့ ကိုယ်တိုက်တဲ့ဖက်က နိုင်တာချည်းပဲလေ။ မိန်းကလေးတွေဆိုလည်း ဘိုမရုပ်ကလေးတွေနဲ့ အ၀တ်မျိုးစုံလည်းမယ်၊ အိုးခွက်ပိစိကလေးတွေနဲ့ ပါးစပ်ကပွစိပွစိပြောလို့ ဟင်းချက်မယ်၊ ဒီလိုပါပဲ ကိုယ့်စိတ်ထဲက ဆန္ဒကလေးတွေနဲ့ ပျော်ရွှင်စရာ ငယ်ဘ၀ကို သက်မဲ့ပစ္စည်းလေးတွေနဲ့ စကားပြောရင်း ဖြတ်သန်းခဲ့ကြဖူးသူချည်းပါပဲ။
ကလေးငယ်ဘ၀ကနေ ကလေးကြီးအရွယ်ရောက်လာတော့ အရုပ်တွေနဲ့ စကားသိပ်မပြောဖြစ်တော့ဘူး။ တခြားအရာတွေနဲ့တော့ ပြောဖြစ်တယ်ဗျ၊ စိတ်ထဲကပြောတာနော်။ အသံသာထွက်ပြောနေလို့ကတော့ ဒီကောင် လွတ်နေပြီ ထင်ကြမှာသေချာတယ်။ ဥပမာ ကျွန်တော်သိပ်ကြိုက်တဲ့ ဘောပင်လေးတွေ မှင်ကုန်ခါနီးကြရင် သူတို့ကိုပြောဖြစ်တယ် ဟေ့ယောင် မင်းနားတော့ကွာနော်၊ ကျေးဇူးတင်တယ်၊ တတာဆိုပြီး အံဆွဲထဲ ထည့်ထားလိုက်မိတာပါပဲ။ ကွန်ပါဘူးတွေ၊ ဦးထုပ်တွေ၊ ဖိနပ်တွေ ဆိုလည်း ဟောင်းလာပြီဆိုရင် သူတို့ကိုပစ်ပြီး နောက်အသစ်လည်းရတော့မယ့်အချိန်ဆို အားပဲနာသလိုလို၊ မပစ်ရက်သလိုလိုနဲ့ နုတ်ဆက်စကားတော့ ပြောဖြစ်ပါတယ်။ အချိန်ကြာကြာ စွဲစွဲမြဲမြဲသုံးဖြစ်တဲ့ ပစ္စည်းတွေဆိုရင် ပိုဆိုးတာပေါ့။ တချို့ လက်ပတ်နာရီလေးတွေဆို စုတ်ပြတ်သတ်နေလည်း အမှတ်ရရင် တခါတခါ ထုတ်ထုတ်ကြည့်ပြီး တစ်ခွန်းစ နှစ်ခွန်းစလောက်တော့ ပြောမိလိုက်သေး။ မီးပျက်တဲ့အချိန်စာကျက်ရရင်လည်း ဖယောင်းတိုင်တစ်တိုင် ကုန်ခါနီးလို့ နောက်တစ်တိုင်ညှိပြီး ဖိတင်လိုက်ရင်တောင် ကဲ နားပေတော့လို့ ပြောမိခဲ့သေးတာပဲ။ မီးပျက်တဲ့အခန်းပါလို့ လာမဖြတ်နဲ့နော်၊ တကယ်အမှောင်ထဲမှာ စာကျက်ခဲ့ရတဲ့ နှစ်တွေနည်းမှမနည်းခဲ့တာကိုးဗျာ။
လူပျိုပေါက်အရွယ်ရောက်တော့ အဲဒီလိုပစ္စည်းတွေနဲ့ စကားပြောဖြစ်တာလည်း နည်းသွားတယ်။ အခြားအရာတွေဆီပြောင်းသွားတယ်၊ ကောင်မလေးတွေကိုပြောတာ မဟုတ်ဘူးနော်၊ သူတို့က သက်ရှိဆိုတော့ကာ သက်သက်တစ်ကန့် ထားထားလိုက်အုံးမယ်။ အဲဒီအရွယ်မှာ စိတ်ထဲက စကားပြောဖြစ်မိတာက လောကကြီးပေါ့၊ ကောင်းကင်ကြီး၊ ပင်လယ်ကြီး၊ နေမင်းကြီး၊ လမင်းကြီးပေါ့လေ။ သစ်ရွက်ကြွေတိုင်းမရီတက်ပေမယ့် နံရိုးနှစ်ဖက်ကြားကကောင်က ငြိမ်ငြိမ်မနေတက်တော့ကာ ထစ်ကနဲရှိ ခံစားချက်က နုရွနေတတ်တဲ့အချိန်ကိုး။ စကားပြောရုံတင်မကတော့ဘူး စိတ်ထဲကအသံတွေကို စာရွက်တွေပေါ်ချရေးတဲ့ အကျင့်လေးပါ ရနေတတ်ပြီဆိုပါတော့ဗျာ။ မှတ်မှတ်ရရ ဆယ်တန်းစာမေးပွဲ ဖြေလျက်တန်းလန်းမှာ စာကမရ၊ ဖိအားတွေများ၊ ညဖက်တစ်ယောက်ထဲ ဟိုကြည့်သည်ကြည့်နဲ့ လမင်းကိုမော့ကြည့်တော့ နီရဲနေ။ စိတ်ထဲထင်တာကိုပြောပါတယ်။ လုံးဝနီရဲလို့ ဘာလုပ်လို့လုပ်ရမှန်းလဲမသိ။ စာမကျက်ပဲ ဒိုင်ယာရီစာအုပ်ထဲ စိတ်ထဲက ဟိုရောက်ဒီရောက် စကားလုံးတွေ လျှောက်ရေးထားတာ အခုထိတောင် အဲဒီစာအုပ်ဟောင်းလေးတွေ သိမ်းထားနေမိတုန်းပါပဲ။ တစ်ခုရှိတာက ကျွန်တော်နဲ့ သူတို့စကားပြောနေတာကို တခြားလူတွေ ၀င်ဖတ်မိရင် အလွယ်တကူနားလည်သွားမှာစိုးလို့ အချိုးဖျက်၊ အဓိပ္ပါယ်ဝှက်ပြီး ရေးခဲ့မိတာတွေများတော့ အချိန်တွေကြာတဲ့အခါ ကိုယ့်စာတွေကိုယ်ပြန်ဖတ်တာတောင် အဲဒီတုန်းက ခံစားမှုမျိုးကို ပြန်ရဖို့အတော်ကြိုးစား နားလည်အောင်လုပ်ယူရတယ်။
စိတ်ခံစားချက်အတုလုပ်ယူခြင်းလို့ ခေါင်းစဉ်တပ်လို့ရမလားတော့မသိ၊ မရရင်တော့လဲ တပ်မနေတော့ပါဘူး၊ ကျွန်တော် သက်မဲ့တွေနဲ့စကားပြောတဲ့အခါ သူတို့နေရာမှာ ကိုယ်ဝင်ကြည့်လိုက်တယ်၊ ကိုယ်သာဆို ဘယ်လိုခံစားရမှာ၊ အဲဒီအခါ ကိုယ့်ဖက်က ဘယ်လိုတုန့်ပြန်ရင် သူတော့ဖြင့် ဘယ့်နှယ်နေမှာပဲ စသည်ဖြင့် စိတ်အတုတွေ ဟိုပြေးသည်ပြေး ဖန်ဆင်းလွှတ်ပြီး စကားလုံးတွေ အပြန်အလှန် ပို့လွှတ်နေမိသလိုပါပဲ။ အဲဒီတော့ ကျွန်တော်တစ်ယောက်ထဲ နေတဲ့အချိန်မှာ အတွေးတွေသိပ်များတာ ဟိုးငယ်ငယ်လေးကတည်းက။ တွေးလိုက်ရင်းမဆုံးတော့ဘူး၊ တောင်စဉ်ရေမရ အတွေးအခေါ်များ လို့တောင်ပြောလို့ရတယ်။
အဲဒီလို ကိုယ့်ကိုစကားပြန်မပြောနိုင်တဲ့ အရာတွေနဲ့ စကားပြောဖြစ်ခြင်းက ကျွန်တော့်ကို စာရေးတာဝါသနာပါအောင် တွန်းပို့ပေးခဲ့တာထဲက တစ်ခုဖြစ်မယ်ထင်တာပဲဗျာ။ ကျန်တာတွေကတော့ အဖေနဲ့အမေတို့ရဲ့ မြောက်များစွာသော စာအုပ်သေတ္တာကြီးတွေရယ်၊ အဖိုးအဖွားတို့ရဲ့ အမျိုးစုံလင်လှသော စာအုပ်စာစောင်တွေပဲ ဖြစ်မယ်ထင်တယ်ဗျ။ အခုလည်း မထူးပါဘူး၊ သက်မဲ့ပစ္စည်းတစ်ခုနဲ့ စကားပြောနေရသလိုပဲ အသက်မရှိတဲ့ ကွန်ပျူတာနဲ့ စကားလုံးတွေ ပို့လွှတ်ရင်း ဖတ်မိတဲ့လူကလဲ ဖတ်မိနေတာပဲဆိုတော့လေ။

This entry was posted on Monday, January 30th, 2012 at 4:39 pm and is filed under ရောက်တက်ရာရာ. You can follow any responses to this entry through the RSS 2.0 feed. You can skip to the end and leave a response. Pinging is currently not allowed.

No Responses

We'd love to hear yours!



Leave a Reply


Here's your chance to speak.

Click here to cancel reply.

  1. Name (required)

    E-mail (required)

    Comment

  • About

    DarkMatter

  • Recent Comments

    • How to even skin tone on ဂွကျကျကဗျာများ၏မှတ်တိုင်
    • Nay paing on မလိကျွန်းခရီး (၁)
    • Moh Win on ပြောကြည့်တာ
    • KAN on မလိကျွန်းခရီး (၁)
    • KAN on ကြံကြံ .. ကြံကြံဖန်ဖန် ဆော့မယ် … နင်ဟာ နင်ဟာ ကမျင်းတတ်သလား
  • Categories

    • ကျွန်တော်ချစ်တဲ့ကဗျာ
    • ခရီးတွေရဲ့အကြောင်း
    • ရောက်တက်ရာရာ
© 2012 DarkMatter. All rights reserved.

Powered by Blog.com

  •  
  • Login
  • Create Blog
  • Random Blog
  • Report Blog