ဆရာ့ဆရာများအကြောင်း
Filed under ရောက်တက်ရာရာ by indevildual on 13-11-2009
ကျွန်တော့်ဘ၀မှာ ဆရာပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ မူကြိုကျောင်းကနေစပြီး ဘွဲ့ရတဲ့အချိန်ထိ ဆရာတွေနည်းမှမနည်းတာ။
ကျွန်တော်အခုပြောမယ့် အကြောင်းကတော့ ဘ၀ထဲက ဆရာတွေအကြောင်းပေါ့။ သင်ပုံသင်နည်းအမျိုးမျိုးနဲ့ သင်လို့သင်ပေးမှန်းတောင် နောက်မှပြန်စဉ်းစားမိတဲ့ ဆရာတွေအကြောင်း ပြောပြချင်တာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင် ကျွန်တော်ဟာ ကွန်ပျူတာအကြောင်း ဘာမှ နှံ့နှံ့စပ်စပ် သိပ်သိသေးတာမဟုတ်ဘူးဗျ။ မတောက်တခေါက်အဆင့် တောင်မှ မရှိတရှိရယ်။ အဲဒီတော့ ကိုယ့်ထက် သိတဲ့တက်တဲ့လူတွေရဲ့ စကားတွေပဲ လိုက်နားထောင်ရတာပေါ့ဗျာ။ အဲဒီမှာ နောင်တော်တယောက်က motherboard ကိုကိုင်ပြရင်းနဲ့ ဘာပြောတယ်ထင်လဲ .. မင်း BIOS update လုပ်တာသိလားတဲ့။ ဟင်အင်းပေါ့ ..။ အေး ဒီလိုကွ flash BIOS လို့ပါတဲ့ BIOS တွေက update လုပ်လို့ရတယ်။ ဟုတ်ကဲ့ကျွန်တော် အဲဒါတော့ကြားဖူးတယ်၊ ဘယ်လိုလုပ်ရလဲတော့ မသိဘူး။ ဆိုတော့ .. သူက motherboard ပေါ်က chip လေးကို ပြပြီး ဒီမှာတွေ့လား အဲဒီ chip လေးပေါ်ကနေ လေဆာနဲ့ထိုးပြီး update လုပ်ရတာ။ ဟိုတလောကတောင် အဲ့ဒီစက်လေးဝယ်ထားသေးတယ်။ ခုတော့မင်းကိုပြဖို့ဟာ ပျောက်နေတယ်တဲ့။ ပြီးတော့ အဲဒီပေါ်က ရောင်ပြန်စတစ်ကာလေးကို မခွာနဲ့ သူ့အောက်မှာ လေဆာနဲ့ထိုးဖို့ အပေါက်လေးပါတယ်တဲ့။ ကျွန်တော်လဲ ဗဟုသုတ အနေနဲ့မှတ်သားထားလိုက်တာပေါ့ဗျာ။ အဲဒီဟာ ဘယ်လောက်အထိ လွဲချော်နေတဲ့ ကိစ္စလည်းဆိုတာ အချိန်အတော်ကြာတဲ့အထိ ကျွန်တော်မသိခဲ့ပါဘူး။ သြော် .. ငါမသိမတက်သေးတာကို သူတို့ပျော်စေပျက်စေ စနောက်တာပဲလို့မှတ်ထားလိုက်ပါတယ်။
စကားတခု မှတ်သားဖူးတယ်ဗျ။ ကိုယ့်ကို စော်ကားတဲ့သူကို သည်းမခံပဲ ပြန်တုန့်ပြန်တယ် ပြီးရင်မေ့သွားတယ် အဲဒါလူညံ့တဲ့။ ကိုယ့်ကိုစော်ကားတဲ့သူကို သည်းခံတယ် ပြီးရင်မေ့သွားတယ် အဲဒါသာမန်လူတဲ့။ ကိုယ့်ကိုစော်ကားတဲ့သူကို သည်းခံတယ် ဒါပေမယ့် မမေ့ဘူး အဲဒါမှလူတော်တဲ့။ ဘုရားဟောတရားနဲ့တော့ ညီမယ်မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် လူပေါင်းစုံနဲ့ ဆက်ဆံနေရတဲ့ လောကထဲနေထိုင်နေသမျှတော့ အဲဒီစကားလေးက အတိုင်းအတာတခုအထိ မှန်ကန်တယ်လို့တော့ ထင်တာပဲဗျာ။
နောက်ပြီးတော့ ရှိပါသေးတယ် ပညာလျှိုတဲ့ဆရာတွေ။ ကွန်ပျူတာ ဘေးဖုံးဖွင့်ပြလို့မှ ဘယ်ဟာ cpu မှန်း ဘယ်ဟာ memory မှန်း သေချာမသိသေးတဲ့ အချိန်ကပေါ့ဗျာ။ ကျွန်တော်နဲ့ တတန်းထဲ တက်တဲ့ကောင်က files တွေကို hidden လုပ်တဲ့ မဟာမျက်လှည့်သဖွယ် ပညာရပ်ကြီးကို ဆရာတွေဆီကနေ ကပ်ပေါင်းပြီး သင်ယူတက်မြောက်ထားတယ်ဗျ။ ကျွန်တော်လဲ တက်ချင်တာပေါ့ဗျာ .. အဲဒါနဲ့ သူ့ကို မျက်နှာချိုသွေးပြီး ပြောပြပါ ပြောပြပါ တဂျီဂျီလုပ်တယ် .. ဟင်အင်းပဲ။ ငါဟိုဟာလုပ်ပေးမယ်ကွာ .. ဒီဟာလုပ်ပေးမယ်ကွာ သိမ်းသွင်းတယ် .. မပြောပြဘူး။ ကျွန်တော်ဆိုတဲ့ကောင်က တော်ရုံတန်ရုံ အောက်ကြို့တက်တဲ့ကောင် မဟုတ်ပါဘူး ဒါကြောင့် ဆရာတွေဆီတောင်မသွားပဲ သူငယ်ချင်းအချင်းချင်း ကပ်မေးနေတာဗျာ။ အဲဒါတောင် ဆရာသမားက လုံးဝကြီးကိုမှ မပြောပြဘူး.. အဲဒါက ခက်တယ်ကွ.. ခဏလေး ငါအပြင်သွားလိုက်အုံးမယ်ဆိုပြီးထွက်သွားရော။ သဘောကျဖို့တော့ကောင်းတယ်ဗျာ။ ကိုယ့်မှာရှိတဲ့ လက်တဆုပ်စာ ပညာလေးကို သူများကိုအလွယ်တကူ မပေးချင်တက်ကြတဲ့ စိတ်ဓါတ်ကိုမြင်တွေ့ဖူးအောင် သင်ပေးခဲ့တဲ့ သူငယ်ချင်းဆရာပေါ့။ အခုအချိန်မှာ သူ့ရဲ့ computing skill ဟာ ကျွန်တော့်ခြေဖျားကျော်ရင်တောင်မှ ခြေကျင်းဝတ်လောက်ပဲရှိမှာဗျာ။ ပြန်ဆုံကြတဲ့အခါ သူကျွန်တော့်ကို ပြုမူခဲ့တာ သူသေချာပေါက်မေ့နေမှာပါ။ ကျွန်တော်ကတော့ အဲဒီသူငယ်ချင်းကို သနားလဲသနားမိတယ် ပြီးတော့ သူလိုစိတ်ဓါတ်မျိုး ကျွန်တော့်မှာ ဖြစ်မလာအောင်လဲ သတိထားနေထိုင်ဖြစ်ခဲ့တယ်။
ကျွန်တော်တို့ နယ်မှာနေတုန်းက ကွန်ပျူတာသင်တန်းဆိုတာ အတော်ရှားပါးတာဗျ။ အဲဒီအချိန်မှာ ရန်ကုန်ကနေပြီး နှစ်လပြတ်နဲ့ ကျွန်တော်တို့ရဲ့ နယ်မြို့လေးဆီကို ကွန်ပျူတာဆရာတွေ စက်ပြင်သင်တန်းလာပေးမယ်ဆိုတော့ အရမ်းတက်ချင်တာပေါ့။ အိမ်ကို မရမက ပူဆာရတယ် သင်တန်းတက်ရဖို့ကို။ အမေ့ခမျာလည်း သူ့သားလေး ပညာရေးအတွက်ဆိုပြီး ကြံဖန်ပြီး သင်တန်းကြေးလေး ပေးရှာပါတယ်။ ဒါပေမယ့် အဲဒီဆရာသမားတွေကဗျာ …….. ။ လုပ်စားသွားတာပါကွာ .. ဆိုတဲ့ စကား ကြားဖူးကြပါသလား။ ကျွန်တော်ကတော့ ကိုယ့်ဆရာတွေကို မပြောချင်ပါဘူး သို့သော် .. ။ စာစသင်မယ်ဟေ့ .. ဆရာလာပြီ အဟမ်း အဟမ်း ကွမ်းကလဲ ၀ါးထားသေးတယ်။ ပုဆိုးကို ခဏခဏ ပုံကျအောင် သပ်လိုက် ပြင်လိုက်နဲ့ ။ A+ စာအုပ်ကြီးကိုင်ပြီး တကြောင်းချင်းဖတ်ပြတယ် ငပိသံ ထွက်လာရော။ ဖတ်နေရင်း သူမသိတဲ့ စာလုံးပါလာရင် pocket dictionary လေးလှန်နေတာ မပြီးတော့ဘူးဗျာ။
ကျွန်တော်တို့က သင်တန်းကြေးဈေးကြီးပေးတက်ထားရတာဗျာ.. ထိုက်ထိုက်တန်တန်လေးတော့ လုပ်ကြပါ။ ပထမရက်ပိုင်းတွေက သင်တန်းရဲ့ ကျောင်းအုပ်ပုံစံမျိုး ခပ်ချောချော ဆရာတယောက် သင်သေးတယ်။ သူကလဲ သူတို့ဘယ်လိုလေ့လာခဲ့ရကြောင်း.. ခုဆိုရင်ဖြင့် သူဟာ ဘာကြီးဖြစ်ကြောင်း ဘယ်လိုတက်ကြောင်း အမျိုးအမည်စုံစွာ ကြွားဝါပြီးသကာလ ရန်ကုန်ပြန်သွားပါတော့တယ်။ ခုနက ငပိသံတကြောင်း အဘိဓါန်အလှန်ကောင်းတဲ့ ဆရာနဲ့လွှဲခဲ့တာ လုပ်ရက်လိုက်လေချင်းနော်။ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ကိစ္စဖြစ်ပေမယ့် ခုချိန်ထိ သင်တန်းအမည်နဲ့ အဲဒီဆရာအမည်ကိုတောင် မှတ်မိနေပါသေးတယ်။ မမေ့ပါဘူး .. ကျွန်တော်ဒါမျိုးမမေ့တက်ပါဘူး။
အဲဒီသင်တန်းဖြစ်မြောက်အောင် ကြားထဲကနေ ကမကထလုပ်ပေးတဲ့ နယ်ခံဆရာတယောက်ရှိပါတယ်။ သူက အခြေအနေကို ရိပ်စားမိတယ်နဲ့တူပါတယ်။ အားလုံးကိုတော့မဟုတ်ဘူး ကွန်ပြူတာစက်ကြီးကို တစစီဖြုတ်တပ်ဆင်ပြမယ် ၀င်းဒိုးတင်ပြတာကြည့်ချင်ရင် သင်တန်းမှာညဖက် လာအိပ်ပြီးကြည့်ကြတဲ့။ ကျွန်တော်တို့လည်း အဲဒါကို အရမ်းသိချင်နေတာဆိုတော့ အိမ်ကိုပြောဆိုပြီး ညဖက်ကြီး စက်ဘီးလေးတွေကိုယ်စီနဲ့ သင်တန်းရှိရာဆီ ချီတက်လာကြတာပေါ့။ ဟိုလဲရောက်ရော ဆရာသမားတွေက တစ်ယောက်မှလဲ မရှိဘူးဗျာ အဲဒါနဲ့ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ spider ဖဲရိုက်ရင်း mario ဆော့ရင်း စောင့်နေကြတာပေါ့။ ဒါပဲတက်တာကိုး။ ဟော .. ဆိုင်ကယ်သံတွေနဲ့ ဆရာတွေပြန်လာဘီ။ ဟင် .. မူးလို့ပါလား.. ဘယ့်နှယ်စာသင်မတုန်း.. ဘယ့်နှယ်မှမသင်ဘူး။ တန်းအိပ်ကြတာပဲ။ တယောက်ကတော့ မအိပ်ပါဘူး ကွန်ပျူတာခန်းထဲဝင်လာတယ်။ စာသင်မယ်တော့မထင်နဲ့ မူးမူးနဲ့ ခွေထိုင်ကြည့်နေတယ် ဘာခွေလဲ မမေးနဲ့ မပြောဘူး။ အော်.. ဆရာက ဆရာပါ ဆရာရယ်။ လုပ်ကြပါ။ ဟိုလုပ်ဒီလုပ်နဲ့ သင်တန်းကြီး အောင်မြင်စွာပြီးဆုံးသွားတယ်။ ကျွန်တော်တို့စိတ်ဓါတ်များ ပိန်လိန်စွာ ကျန်ရစ်တယ်။ ဆရာများ အထုပ်ပိုက်ကာ ရန်ကုန်ပြန်ကြတယ်။ ထိုဆရာများကို ktv ပို့လိုက် ဘီယာဆိုင်ပို့လိုက် ပေါင်းသင်းသမှုပြုသူတို့ မဟာပညာရပ်များ လက်သိပ်ထိုးသင်ကြားခြင်း ခံယူကြရတယ်။ မင်္ဂလာပါဆရာ .. ကျေးဇူးတင်ပါတယ်ဆရာ။ တသက်စာပါဆရာ။ ဒေါသ၀မ်းစာများအတွက် ဆရာများအစာကြေညက်ပါစေပေါ့ .. ဆုတောင်းပါတယ်။
ကျွန်တော့်စာက ဒီရေးရင်ဟိုရောက်သွားရောဗျာ .. ဘ၀ထဲကဆရာတွေအကြောင်းပြောရင်းနဲ့ ဆရာ့ဆရာတွေအကြောင်း ရောက်သွားတယ်။ မထူးတော့ပါဘူး ဆက်ရေးတာပဲကောင်းပါတယ်ဗျာ နော်။
No one is perfect ။ ကျွန်တော်သိပါတယ် လူတိုင်းမပြည့်စုံနိုင်ဘူး။ ဒါပေမယ့်ဆရာဆိုတာ ကိုယ်တာဝန်ယူသင်ကြားတဲ့ အပိုင်းမှာတော့ အပြည့်အ၀ နားလည်နေရမယ်လို့ထင်တယ်ဗျာ။ ကျွန်တော်ကလဲ အကျင့်တခုရှိတယ် ဆရာတယောက်က အမှားတခုခုပြောလိုက်ပြီ သူပြောတာလဲ မှားတာသေချာနေပြီဆိုရင် အဲဒီဆရာ နောက်ထပ်ပြောတဲ့ စကားတွေကို ယုံကြည်လို့မရတော့ဘူး။ ခုနကအမှားတောင် ကျွန်တော် အစကတည်းက စာဖတ်ထားလို့သိနေတာဗျာ.. နောက် ကျွန်တော်လဲ မသိတဲ့အမှားဆိုရင်ဘယ်လိုလုပ်မလဲ။ သူမှားကိုယ်မှား အားလုံးပျော်ပျော်ကြီး မှားယွင်းနေလိုက်ရမယ့်အခြေအနေတော့ မဖြစ်သေးဘူးလေဗျာ။ ဆရာတွေဆိုတာ ကိုယ့်ထက်တက်တဲ့ နားလည်တဲ့သူတွေချည်းပါပဲ။ အဲဒီအချိန်ကပေါ့နော်။ ဒါပေမယ့် သူတို့တွေလွဲမှားနေတာကို မြင်ပြီးတဲ့နောက်ပိုင်းမှာ ယုံကြည်မှုလျော့နည်းလာတယ်။ အဲဒီတော့ အဲဒီဆရာ ဒါမှမဟုတ် ဆရာမတွေရဲ့ အတန်းချိန်တွေဆို အပြင်မှာရောက်နေတာများတယ်။ အခြား အကြောင်းတွေလဲ ပါတာပေါ့ဗျာ။ ကျောင်းတုန်းက လူဆိုးစာရင်းမ၀င်ခဲ့ပေမယ့် လူကောင်းစာရင်းနဲ့ အဝေးကြီးမှာ နေထိုင်ခဲ့တာပါ။ ဒီဆရာမဆီမှာ ကျူရှင်တက်ရင် ဟိုဆရာမက မကြည်ဘူးဗျာ။ ဟိုဆရာမနဲ့ အဆင်ပြေနေတဲ့သူတွေကို ဒီဆရာမက အဖက်မလုပ်ဘူးဗျာ။ ဟုတ်ကဲ့ ကျွန်တော်တို့ ဘုရားနဲ့ တစ်ဂိုဏ်းထဲ ထားခဲ့ကြပါတယ်။ အမှားအယွင်းရှိရင် ခွင့်လွှတ်ကြပါခင်ဗျားဆိုပြီး နှစ်စဉ်ဦးချခဲ့ကြပါတယ်။ သမားဂုဏ်ပြည့်ဝကြစေကြောင်း ဆုတောင်းပါတယ်။
ပြောရင်းဆိုရင်းနဲ့ ဟိုးငယ်ငယ်က ဆရာမတွေအကြောင်း သတိရမိသွားပြန်ရော။ အရင်ကလဲ ရေးဖူးပါတယ် မူလတန်းကျောင်းတုန်းက ဆရာမတွေ ပေါက်ပေါက်ရှာရှာ အပြစ်ပေးတက်တာ။ ကျွန်တော်က မူလတန်းတုန်းက ပထမ မရဖူးပေမယ့် ဒုတိယနဲ့ တတိယတော့ ရံဖန်ရံခါရလေ့ရှိတယ်ဗျ။ ဒါပေမယ့် စာမေးလိုက်တိုင်း အချိန်မှီကျက်မှတ်ထားတာမျိုးမရှိတော့ မကြာခဏအပစ်ပေးခံရတာပေါ့။ အဲဒီတခေါက်ပေါ့ ဆရာမက စာမေးမယ် မရလို့ရှိရင် အိမ်သာဆေးရမယ်တဲ့။ မေးလဲမေးရော အတန်းထဲမှာ ပထမရနေကျ ကောင်မလေးက မဖြေနိုင်ဘူး။ အခြားကလေးတွေမရတော့ အကုန်အိမ်သာဆေးရတယ်ဗျာ။ သူကျတော့ မဆေးဘူး တင်းခံနေတာ နောက်ဆုံးတော့ ထားလိုက်ပါဟယ် ဆိုပြီး မဆေးခိုင်းတော့ဘူး။ သြော် .. ဆရာမ ဆရာမ။ အဲဒီလိုပဲ ကျွန်တော်တို့ ဖင်ကျွတ်ကလေးတွေနဲ့ ကျောင်းပတ်ပြေးရတော့လဲ စာမရတဲ့ တချို့မမတွေက ရှက်လို့မပြေးနိုင်ပါဘူးဆိုတော့ မပြေးခိုင်းဘူးလေ.. ကျွန်တော်တို့ပဲ သောက်ရှက်မရှိတာ ကျနေတာပဲ။ တရားပါပေတယ်။ အနှစ်နှစ်ဆယ်လောက်ရှိပါပြီ ဆရာမ .. ဒါပေမယ့် မှတ်မိနေတုန်းပဲဗျာ။ စာမရရင် လက်ခေါက်အရိုက်ကြမ်းတဲ့ဆရာမက သူ့ကိုချောကလက်ကျွေးတဲ့ ကောင်မလေးတွေကို လက်ဝါးကို အသာလေးပြုံးပြီးရိုက်တယ်။ ကထိန်မှာ ပိုက်ဆံများများ ထည့်နိုင်တဲ့ ကျောင်းသားကို ဆရာမက အမြဲမြှောက်ပင့် ချီးမွမ်းတယ်။ စာတော်လိုက် ညံ့လိုက်ဖြစ်နေတဲ့ ကျွန်တော့်လိုကောင်ကို ကျတော့ ဆရာမတွေ သောက်မြင်ကပ်လိုက် ပြန်ကြည်လင်လိုက်နဲ့ လည်ပတ်လို့ အတန်းကျောင်းကြီးလဲပြီးခဲ့ပါတယ်။
ပြောခဲ့သလိုပဲပေါ့ဗျာ .. ဖတ်ဖူးတဲ့စာထဲက အတိုင်းဆိုရင်တော့ ကျွန်တော်ဟာ လူတော်ပေါ့လေ .. မေ့မှမမေ့ပဲဟာကိုး ..။ ဒါပေမယ့် အဲဒီဆရာတွေနဲ့ ပြန်ဆုံတွေ့တဲ့အခါမှာတော့ သူတို့ငါ့ကို ဒီလိုဆက်ဆံခဲ့တာ သူတို့လဲမေ့နေလောက်ပါပြီ။ ငါအမှတ်ရနေမယ်မှန်း စိတ်ကူးမိမှာတောင်မဟုတ်ဘူး။ အခုတော့ အားလုံးပြီးခဲ့ပါပြီဆိုပြီး စိတ်ရင်းနဲ့ ပြန် ပေါင်းသင်းဆက်ဆံနေဖြစ်ပါတယ်။ အဲဒီထဲက တချို့ဆရာတွေကတော့ ကျွန်တော့်ကို ထပ်ပြီး သင်ခန်းစာအသစ်တွေ သင်ပေးကြပြန်ရောဗျာ။ ဆရာကျလွန်း ကြပါပေတယ်။ ဘယ်လိုလုပ်မလဲ .. ကျွန်တော် လူတော်ဖြစ်ချင်တယ်ဗျာ ………. ။ ဒါပေမယ့် အမှတ်မှ မရှိတာကိုး ခံပေါ့။
ဆရာလို့…အမည်မခံထိုက်တဲ့…ဆရာဆိုသူများပေါ့ဟာ…
ဒါပေမယ့်…တကယ့်နာသုံးနာနဲ့ပြည့်စုံတဲ့ဆရာတွေလည်း လက်တဆုပ်စာတော့ ကျန်ပါသေးတယ်..
အဲဒီလိုဆရာတွေ ငါရဖူးတဲ့အတွက် ငါကံကောင်းတယ်ပြောရမယ်…
ကောင်းပါတယ်လေ
လောက မှာ ဒီလို ဆရာတွေရှိတာကို သိရတာပေါ့
ဆရာတိုင်းလို့ကိုတော့ မဆိုပါဘူး
ကွာတာတွေ အများကြီးရှိပါတယ်
နောင် အနာဂတ်မှာ အဲဒီလို ဆရာတွေမများပါစေနဲ့လို့ဘဲ
ဆုတောင်းနေတော့မယ်
အခုလို ရေးထားတဲ့ အတွက် ကျေးဇူးပါနော်
ခင်ဗျာပြောတဲ. လူတော်မျုီုးဇြစ်အောင်ကြိုးစားနေပါကြောင်း