DarkMatter

A Blog.com weblog

ကျွန်တော်နှင့် ဟဲစတိုင်လ်

Filed under ရောက်တက်ရာရာ by indevildual on 06-11-2009

ကျွန်တော်က သိပ်ပဲများတဲ့ကောင်တော့ မဟုတ်ပါဘူး .. ဒါပေမယ့် ဆံပင်ပုံစံကိုတော့ ဂရုစိုက်လေ့ရှိတယ်ဗျ။ အခုမှမဟုတ်ဘူး ဟိုးငယ်ငယ်လေးကတည်းက အဲဒီရောဂါက ဖြစ်နေတာ။ လူတယောက်မှာ သူ့အကျင့်နဲ့ သူကိုးလေ ဟုတ်တယ်မလား။ ခင်ဗျားရော ကိုယ့်ခန္တာပေါ်က ဘယ်နေရာကို သ ရတာအကျင့်ဖြစ်နေလဲ။ တကိုယ်လုံးပဲလား။
ဒီလိုဗျ ကျွန်တော့်ဆံပင်က ကောင်းတယ်ဆိုတဲ့အထဲမပါဘူး။ တခုခုသာ မလိမ်းထားရင် ထိုးထိုးထောင်ထောင်နဲ့ အကြည့်ရဆိုးတာကိုး။ အဲဒီတော့ ငယ်ငယ်ကတည်းက အဖွားတို့ အမေတို့က အုန်းဆီအမြဲလိမ်းပေးလေ့ရှိတယ်။ ဒါပေမယ့် ကျွန်တော်က အုန်းဆီကို မကြိုက်ဘူး ရွှဲရွှဲ စိုစိုကြိးနဲ့ တမျိုးကြီးပဲ။ ကလေးဆိုတော့လဲ ဘာမှမတက်နိုင်ဘူးပေါ့လေ လူကြီးတွေလိမ်းတော့လဲ ငြိမ်ခံနေရတာပေါ့။ မူလတန်းကျောင်းပြီးတဲ့အချိန်ထိ ဘိုကေဘေးခွဲလေးနဲ့ မျက်မှန်လေးနဲ့ ကလေးတွေကြားမှာ လူသိပ်အကြည့်ခံရတာပေါ့ဗျာ။ အဲဒီချိန်တုန်းက သုံးတန်းလောက်နဲ့ မျက်မှန်တပ်ရတဲ့ ကလေးက သိပ်နည်းတာကိုး ကျွန်တော်တို့ကျောင်းမှာဆို ကျွန်တော်တစ်ယောက်ပဲရှိတာကိုကြည့်။
သုံးတန်းနှစ်တက်တုန်းကလည်း ကျွန်တော်ဘယ်လောက်ကြောင်သလဲဆို ဆရာမက အတန်းထဲမှာ ကျောင်းသားအသစ်တွေပါတော့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ခွဲမလို့လုပ်တယ်ဗျာ။ မနက်တိုင်း ဘာသာအလိုက် ဘုရားရှိခိုးရတာကိုး။ ဆရာမက ခရစ်ယာန်တွေ မတ်တပ်ရပ်ဆိုတော့ ခလေးတချို့ဝုန်းကနဲထရပ်ကြတယ်။ အဲဒီမှာ ကျွန်တော်စ တိုင်ပတ်ပြီ။ ငါဘာဘာသာပါလိမ့်ပေါ့ .. အမေကလဲ တခါမှ မပြောထားဘူး ဒုက္ခပဲ ။ နောက်တော့ ဆရာမက ဗုဒ္ဓဘာသာတွေ ရပ်ဆိုတော့ ရပ်ကြပြန်ရော အဲဒီမှာတင် ကျွန်တော်ဘာလုပ်ရမလဲမသိဘူး ငိုပါလေရော …. ။ တတန်းလုံး ၀ိုင်းကြည့်နေတော့တာပေါ့ .. ဒါနဲ့ ဆရာမကဘာလို့ငိုတာတုန်း မေးတော့ သားက ဘယ်ဘာသာလဲ မသိလို့ ဆိုပြီး ထပ်ငိုပြန်ပါရော .. ၀မ်းနည်းလိုက်တာနော်။ အဲဒါနဲ့ ဆရာမက မငိုနဲ့သား မင်းအမေက မနက်တိုင်း ဘုရားရှိခိုးတယ်မဟုတ်လား မေးတော့ ဟုတ်ကဲ့ ရှိခိုးတယ်ပေါ့။ ဘုန်းကြီးဆွမ်းကပ်လားမေးတော့ ကပ်တယ်ပေါ့။ အင်း အဲဒါဆို မင်းက ဗုဒ္ဓဘာသာပေါ့ ဆိုပြီးပြောမှ အဟင့် အုအု ဆိုပြီး အငိုလက်စသတ်ရပါတယ်။
တကယ်က အမေနဲ့ အဲဒီဆရာမနဲ့က အသိမိတ်ဆွေတွေပဲဟာ ဆရာမက သိရဲ့သားကြီးနဲ့ မေးနေသေးတယ် ဟွန်း။ အဲဒီမူလတန်းကျောင်းက ဆရာမတွေက မကောင်းဘူးဗျ။ စာမေးလို့မရရင် မရိုက်ဘူး .. ဘောင်းဘီချွတ်ပြီး ကျောင်းပတ်ပြေးခိုင်းတယ်။ ကျွန်တော်ကလဲ ခဏခဏ စာမရဆိုတော့ ခဏခဏပတ်ပြေးနေရတာ စဉ်းစားသာကြည့် တောကျောင်းဆိုတော့ အသားညိုညိုကလေးတွေကြားမှာ ဖြူဖြူလေး ပျူးပျူးလေး (မျက်မှန်)ဆိုပြီး ကျောင်းရှေ့က ဖြတ်သွားဖြတ်လာလူတွေက ပြုံးစိပြုံးစိနဲ့ ကြည့်ကြည့်သွားကြတာ မြင်ယောင်သာကြည့်တော့ … အဲ မမြင်ယောင်နဲ့ ကြုံလို့ပြောပြတာ။
အလယ်တန်းရောက်တော့ ကျောင်းပြောင်းရတော့ အတန်းသစ် သူငယ်ချင်းအသစ်တွေကြား ကြောင်တောင်တောင်လေးပေါ့ဗျာ။ ဒါပေမယ့် တလလောက်လဲရှိရော မျောက်ချောက်တော့တာပဲ သိတယ်မလား။ အဲဒီအချိန်မှ မုန့်ဖိုးလေးတွေစုပြီး ဂျဲလ်ဘူးသေးသေးလေးတွေ ၀ယ်တယ်။ ပီးတော့ ဆံပင်ကို ဖြီးတော့တာပေါ။့ ဒါပေမယ့် ကျောင်းက အရမ်းစည်းကမ်းကြီးတယ်ဗျ။ ဆံပင်ကို ရှေ့တလက်မ နောက်ပြောင် အဲ့ဒီလို ပုံထားရတယ်။ အဲဒီငုတ်စိလေးကိုပဲ ပုံစံအမျိုးမျိုး လုပ်နေတော့တာပဲ။ ခြောက်တန်းလောက်လဲရောက်ရော ရှေ့နားကဆံပင်တစုကို နဲနဲခိုးပြီး အရှည်ထားထားတယ် .. ပြီးရင် ဦးထုပ်ကိုနောက်ပြန်ဆောင်းပြီး ဦးထုပ်နောက်ဖက်အပေါက်ထဲကနေ ဆံပင်တစုကို စူပါမင်းဆံပင် အကောက်လေးလို လိမ်ပြီးပြန်ထုတ်ထာလေ။ မနက်ဆို မရမက အဲ့ဒီပုံစံလုပ်ရတာ မလွယ်ဘူး။ ကျောင်းမှာက မနက်အတန်းမ၀င်ခင် ကမ္ဘာမကျေသီချင်းဆိုရတာ အဲဒီအချိန်ဆို ဦးထုပ်ဆောင်းလို့မရဘူးဗျာ။ ကျွန်တော့်မှာ အဲဒီဆံပင်ပုံစံကို မပျက်အောင်ဦးထုပ်ကိုချွတ်ရတာကလဲ အလုပ်တခုပဲ။ ပြီးတော့ ကျောင်းစိမ်းအင်္ကျီလက်တိုကို အနားစလေးခေါက်တင် ပုဆိုးက ဖင်မှာချိတ်နေရုံလေးဝတ်ပြီး အောက်မှာတော့ လမ်းမှာရှိသမျှ ဖုန်တွေသဲတွေ ပါလာလောက်တဲ့အထိ ဖိနပ်တောင်မမြင်ရအောင် ပုံနေအောင်ဝတ်တာ လူပျိုမဖြစ်တဖြစ်အချိန်လေးတွေကပေါ့ဗျာ။ ကောင်မလေးတွေ အရှေ့ရောက်ရင် မဟာလက်မောင်းတံကြီးတွေကို ကားပြီး လျောက်ချင်လျောက်တက်သေးတာ။ ငယ်တုန်းမို့လားနော်။
ရှစ်တန်းနှစ်လောက်မှာတော့ ကျောင်းကစည်းကမ်းတွေကိုလဲ သိပ်ဂရုမစိုက်ချင်တော့ဘူး။ ဆံပင်ပုံမဟုတ်လို့ ကျောင်းက ရိုက်လဲ တပတ်တခါ ပေါင်တွေတင်ပါးတွေမှာ ရှိုးရာတွေ အထင်ခံပြီး ဆံပင်ကို အရမ်းကြီးတိုအောင်မညှပ်တော့ဘူး။ ပုံသွင်းလို့ရအောင် နဲနဲရှည်ထားတယ်။ ဆူလဲမညှပ်ဘူး သိတယ်မဟုတ်လား.. အဲဒီအချိန်က ကောင်လေးတွေရဲ့ဒိဇိုင်းက ဆူလေ ပိုရွဲ့လေပဲ။ ဆံပင်ညှပ်တဲ့ဆိုင်တောင်မှ ကလေးတွေညှပ်တဲ့ဆိုင်မှာ မညှပ်ချင်တော့ဘူး လူပျိုတွေညှပ်တဲ့ဆိုင်တွေမှာ သွားညှပ်တာ။ အဲဒီမှာက ပိုစတာပုံတွေကလဲ လန်းတယ်လေ။ ပြီးတော့ ဆေးလိပ်ခိုးသောက်ဖို့လဲ အကောင်းဆုံးနေရာပဲမလား။ ကျွန်တော်တို့ ရှစ်တန်းကျောင်းပိတ်ထားတုန်းက တိုက်တန်းနစ်ကားက အရမ်းနာမည်ကြီးတာကိုး။ အဲဒီကားထဲက လီယိုနာဒိုရဲ့ ဆံပင်ကိုကြိုက်လို့ ကျောင်းပိတ်တုန်း ထားထားတာ အတော်တူနေပြီဗျ။ ကျောင်းလဲဖွင့်ရော ညှပ်ပစ်လိုက်ရတာဗျာ နှမြောလို့မဆုံးဘူး။ နောက်ဆုံးတော့ ဗန်ဒိန်းကေလိုလို ဘာလိုလို ပြန်ဖြစ်သွားပြန်တာပဲလေ။
ကျွန်တော်တို့ ဆယ်တန်းနှစ်မှာတော့ ဆရာမတွေအပြောင်းအလည်းနဲ့မို့ စည်းကမ်းတွေက အရင်ကလောက်ကြီး မတင်းကြပ်နိုင်တော့ဘူး။ အရမ်းကြီးရှည်နေတာကလွဲလို့ ဆံပင်ကိစ္စက သိပ်ပြဿနာမဟုတ်တော့ဘူး။ ပြဿာနာက ကျွန်တော်တို့ကောင်တွေပဲ။ ပန်းချီနဲ့ ကွန်ပြူတာမှာ ထူးချွန်လို့ဆိုပြီး ဆရာမတွေက နည်းနည်းလေး မြှောက်စားထားတဲ့အခါ အခွင့်အရေးကို အလွဲသုံးစားလုပ်တယ်လေ။ ရှစ်တန်းလောက်က စပြီး အတန်းထဲမှာ စာမေးတော့မယ်.. အဲဒီစာကလဲ မရဘူးဆိုရင် ကွန်ပြူတာခန်းထဲ ၀င်နေပြီး ပြိုင်ပွဲအတွက် လေ့ကျင့်သလိုလိုနဲ့ အတန်းလစ်တာပေါ့။ ကိုးတန်းဆယ်တန်းအထိပဲ အတန်းပိုင်ဆရာမတွေနဲ့ ကွန်ပြူတာဆရာမနဲ့ စကားတွေများကြရတာ။ အဲဒီကွန်ပြူတာပန်းချီဆွဲချင်တဲ့ စိတ်ကြောင့်ပဲ ဆယ်တန်းကို ကံကောင်းလို့မကျခဲ့တာ။ ကျွန်တော်က ငယ်ငယ်ကတည်းက စိတ်ခံစားချက်ကို ဦးစားပေးမိလေ့ရှိတဲ့ကောင်လေ။ ဆယ်တန်းတွေ မပြိုင်ရဘူးဆိုတာတောင် မရမက ဆရာမတွေကိုဂျီကျပြီး ၀င်ပြိုင်တာ စာလဲမကျက်ဘူး။ ဆယ်တန်းစာမေးပွဲဖြေပြိးတဲ့ညပဲ ဗဟိုအဆင့်ပြိုင်ဖို့ ရန်ကုန်လာတာ။ စာမေးပွဲရော ပြိုင်ပွဲရော ကျွန်တော့်အတွက်အရေးကြီးတယ်လေ။ ဒါပေမယ့် ဆိုးဝါးတာက အဲဒီနှစ်ပြိုင်ပွဲမှာ ကျွန်တော်မှန်းထားတဲ့ မြန်မာတနိုင်ငံလုံး ပထမဆုမရခဲ့ပဲ တတိယပဲရတယ် ။ ဆယ်တန်းကိုလဲ ကပ်သတ်ပြီးပဲ အောင်တော့တယ်။ သင်ခန်းစာပါပဲဗျာ။
ကွန်ပြူတာ စတက်တော့ ကျွန်တော့်ဆံပင်ပုံက အော်လ်တာလို့ ခေါ်ကြတဲ့ပုံဗျ။ တကယ်က ကျွန်တော်က ဟောလိဝုဒ်ကားတွေထဲက မင်းသားတွေထားလေ့ရှိတဲ့ ပုံမို့ ကိုယ့်ဘာသာကိုယ် ဖြီးတာ။ ဆိုင်မှာညှပ်တာကတမျိုး။ အိမ်မှာပြန်ဖြီးတာကတမျိုး။ ရေလည်ကြိုက်နေတာ ကိုယ့်ဆံပင်ကိုယ်။ အဲဒီနောက်ပိုင်းမှာမှ ကိုရီးယားကားတွေ ခေတ်စားလာပြီး ဂျွန်စောကေတို့ ထယ်ဆောက်ကေတို့ဆိုပြီး လိုက်ညှပ်ကြတာ။ ကျွန်တော့်ကေကိုလဲ ထယ်ဆောက်ကေတို့ ဘာတို့လာပြောရင် အင်မတန်စိတ်ဆိုးတာ။ ဒီကောင်တွေက ကျွန်တော့်နောက်မှ မြန်မာပြည်မှာ ခေတ်စားလာပြီးတော့ ကိုယ့်ဆံပင်ကပဲ သူတို့ကို လိုက်တုထားသလို ဘာလိုလိုနဲ့ တင်းလိုက်တာ။ ဒီကြားထဲ ရစ်ကီမာတင် ဒီဇိုင်းလိုက်လုပ်သေးတယ် ကိုယ့်မျက်ခွက်နဲ့ ဟာသဖြစ်နေလို့ ပြန်ပြောင်းလိုက်ရတယ်လေ။ ကျွန်တော့်မှာ ကျောင်းဖယ်ရီမှီဖို့ မနက်စောစောက ထပြီး ဆံပင်ကိစ္စလုပ်ရတယ်ဗျ.. သူက အခန့်မသင့်ရင် တော်တော်ကြာတာကိုး.. လိုချင်တဲ့ပုံမထွက်လာရင် စိတ်ညစ်ဖို့သိပ်ကောင်းတယ်။ ကေမလန်းတော့ရင် လူက တနေ့လုံး မလန်းတော့သလိုပဲ။
ကျောင်းတွေပြီးလို့ အလုပ်ခွင်ထဲဝင်တော့လဲ ဆံပင်ဒီဇိုင်းက နဲနဲစီတော့ ပြောင်းသွားတယ်။ အချိန်ယူရတာချင်းတော့ တူတယ်ဗျ။ ပန့်အော်လ်တာလိုလို ဖရီးစတိုင်လိုလိုနဲ့ ဆံပင်ကို ဆွဲဖွပြီး ထောင်ထားတာဗျာ ဘယ်လိုခေါ်လဲတော့ သေချာမသိဘူး။ အဲဒါလုပ်နေလို့ ရုံးနောက်ကျတာလဲ ခဏခဏပဲ။ တခါက ဘယ်လောက်ဆိုးသလဲဆိုရင် အမေဈေးမသွားခင်ကတည်းက လုပ်နေတဲ့ ဆံပင် .. အမေဈေးပြန်လာတဲ့အထိ လက်စမသတ်နိုင်သေးဘူး။ အော်ပါလေရော .. ရုံးကလဲနောက်ကျတယ်။ တကယ်က အဲဒီတုန်းက ဂျယ်လ်မကောင်းလို့ဗျ အချိန်ပိုကြာသွားတာ…။ ကျွန်တော်ပဲသိပ်များနေတာ မဟုတ်ပါဘူးနော် ….. ။

Comments:

One Response


  1. နင်နဲ့ငါ ဆံပင်ပုံစံကို အလေးထားတာချင်းတူတယ်ဟ…
    မတူတာကတော့…ငါကဘယ်တော့မှ အချိန်ပေးပြီး ဂရုမစိုက်တာပဲ..
    ငါ့အမဆံပင်ညှပ်ပေးတုန်းက အရမ်းတိုပီး ပုံမကျပန်းမကျဖြစ်လို့ နဖူးကချွေး ခြေမမကျပဲ မျက်လုံးကမျက်ရည် ခြေသန်းကျဖူးတယ်ဟ
    အဲတုန်းက ငါ ၃ တန်းလား ၄ တန်းလားမသိဘူး…
    နင်မူလတန်းတုန်းက အဖြစ်အပျက်ကိုပဲဖြစ်ဖြစ်
    နင်ပြိုင်ပွဲဝင်အတွေ့အကြုံကိုပဲဖြစ်ဖြစ်အကျယ်ချဲ့ရေးရင်ကောင်းမှာပဲဟ


  2. နင်ငါ့ကို ဝေဖန်တာ မှန်တယ်ဟ .. ဒီပို့စ်မှာ ငါရေးချင်တာလေးပေါ်လာလိုက် .. အကုန်လိုက်မရေးနိုင်တော့ နောက်ပြန်ဆုတ်လာလိုက် ဖြစ်နေတာ ဟီးဟီး

Leave a Reply

Subscribe to RSS Feed Rss