DarkMatter

A Blog.com weblog

ကျွန်တော်ချစ်တဲ့ကဗျာ

Filed under ကျွန်တော်ချစ်တဲ့ကဗျာ by indevildual on 22-10-2009

ဝိမုတ္တိနတ္ခတ်အောက်
ပင်လယ်ည
ကောင်းကင်ထောင်ချောက်
ရေပြင်ပေါ်ခင်းကျင်း
မာယာဆန်လှပစွာ
အမ္ဘုတ ………….

ကျွန်တော် ကဗျာပေါင်းများစွာ ရေးခဲ့ဖူးပါတယ်.. ဒါပေမယ့် ကိုယ်ရေးတဲ့ကဗျာတိုင်း အကုန်လုံးအလွတ်မရပါဘူး။ ထပ်ဖန်တလဲလဲ စိတ်ထဲက ရွတ်ဖတ်နေမိတဲ့ ကဗျာတွေလောက်သာ မှတ်မိနေတတ်တာပါ။ အပေါ်ကရေးထားတဲ့ ကဗျာအတိုအစလေးက ကျွန်တော့်ရဲ့စိတ်ထဲမှာ ကိုးနှစ်တိတိ ရှိနေခဲ့တာပါ။ လိမ်ပြောရင် ခုချက်ချင်း ကံဆိုးပါစေဗျာ။ အဲ့ဒီအပိုင်းအစလေးကို စက်စဲကမ်းခြေမှာ ကို့လို့ကန့်လန့်ရောက်ရှိနေတဲ့အချိန် ရွတ်ဖတ်မိခဲ့တာ။ သင်္ကြန်တွင်းကြီး လျောက်လည်တာ ကားပျက်သွားတော့ ကိုယ့်ဘာသာကိုယ် ကြုံတဲ့ကားနဲ့ ကမ်းခြေကိုရောက်အောင်သွားပြီး ညဖက်အိပ်စရာနေရာမရှိတော့ ကမ်းခြေမှာပဲ ရေစိုစိုကြီးနဲ့ အိပ်ပျော်သွားတဲ့ညပေါ့ဗျာ။ အ၀တ်တထည်ကိုယ်တခုနဲ့ ကမ်းခြေဖက်ကို ညဖက်လမ်းလျောက်ရင်း ရေပြင်ကိုကြည့်လိုက်တော့ သိပ်ကြောက်စရာကောင်းတယ်လို့ ခံစားလိုက်မိတယ်။ ရေပြင်က အနက်ရောင်ကြီးဗျာ၊ လုံးဝမှောင်နေတာ၊ ဒါပေမယ့် လရိပ်ရောင် နဲ့မို့ လိုင်းဖျားလေးတွေကတော့ ဖြူလို့ .. အဖြူအနက်ပေါင်းစပ်ထားတဲ့ ပင်လယ်က သိပ်ကို အံ့သြဖို့ကောင်းတဲ့ ခံစားမှုကိုပေးတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ လူတွေမရှိဘူး.. လှိုင်းသံရယ် ပင်လယ်အနက်ရယ် လရိပ်ဖျော့ဖျော့ရယ် သဲသောင်ရယ် ဒါပဲ….။ တပြိုင်ထဲမှာ ပတ်ဝန်းကျင်နဲ့ ကင်းလွတ်သွားသလို လွတ်လပ်မှုကို ခံစားရတယ်ဗျာ။ တကယ်တော့ အဲ့ဒီအချိန်က ပြဿနာပေါင်းများစွာနဲ့ ဖြစ်နေတာ။ ရေပက်ခံထွက်တဲ့ ကားတစ်စီးထဲက ဘော်ဒါအချင်းချင်း ထိုးကြကြိတ်ကြ ဓါးတွေနဲ့ ထိုးမလိုပါဖြစ်ကြနဲ့ စုံလို့ပဲ။ ဒါပေမယ့် ကျွန်တော်တို့ လမ်းတ၀က်က လှည့်မပြန်ပဲ ပင်လယ်ဆီ ရောက်အောင်သွားခဲ့တယ်။ ကမ်းခြေဆီ ရောက်အောင်သွားပြီး သဲသောင်ကို နင်းခဲ့တယ်။ ကျွန်တော်နဲ့ ပါလာတဲ့ အခြားလူတွေက မလိကျွန်းကို အတူတူသွားခဲ့တဲ့ သူငယ်ချင်းတွေပါပဲ။ အဲဒီတုန်းကတော့ ကလေးသာသာအရွယ်တွေပဲပေါ့ဗျာ။
 ခုနက စာအတိုအစလေးက ဘာကြောင့်မှန်းမသိဘူး စိတ်ထဲစွဲနေတာ။ ကျွန်တော်က ကဗျာအာရုံရတဲ့အချိန် ဘေးနားမှာ စာရွက်နဲ့ ဘောလ်ပန်မရှိရင် နောက်ခဏနေဆို မေ့ပြီ .. နောက်ပြန်စဉ်းစားပြီးရေးလည်း လုပ်ယူတဲ့ စာသားတွေပဲ ဖြစ်မှာလေ၊ သိပ်မစစ်တော့ဘူးလို့ ခံစားရတယ်။ ဖတ်ကောင်းတာမကောင်းတာ တစ်ပိုင်းဗျာ။ အဓိကက စစ်မှန်နေဖို့ပဲ လိုတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့်မို့ လက်တန်းကောက်ရေးနိုင်တဲ့ ကဗျာဆရာတွေဆို အရမ်းလေးစားတယ် .. ကဗျာလဲ ကောင်းမယ်ဆိုရင်ပေါ့လေ။
 နောက်တစ်ပုဒ်ရှိတယ်ဗျ။ ကွန်ပျူတာပထမနှစ်လောက်က ရေးထားတဲ့ကဗျာလေး..
..မိုးနှောင်းပုံပြင်..
ဘယ်တော့ရွာမယ်မသိတဲ့မိုးအတွက်
ငါ့ပျိုးကြဲသီချင်းကို
မသီဆိုဖြစ်ဘူး …။
စာနာလို့
တိမ်တိုက်တွေ မြေမှာစိုက်ပေ့စေဆိုပြီး
ကောင်းကင်က ငါ့အတွက်ငိုလည်း
အခါလွန်မိုးဟာ
အခါလွန်မိုးပဲ ….။
 အဲဒီလို စာပိုင်းတိုလေးတွေက မေ့မသွားပဲ စိတ်ထဲစွဲစွဲနေတက်တယ်။ နည်းပညာအသစ်တွေနောက်ကိုလိုက်ရင်းလိုက်ရင်း ခံစားမှုအသစ်တွေက ကြားညှပ်ကပ်သပ် ပျောက်ပျက်သွားပြန်ရော။ လုံးလည်ချာလည်နေ့တွေထဲ ထွက်ပေါက်တခုလိုလို ၀င်ပေါက်တခုလိုလိုနဲ့ စာကြောင်းအတိုအပဲ့လေးတွေနဲ့ ကစားပျော်ဝင်၊ လက်တလော ဓါတ်နေတဲ့ အာရုံတွေကို အချိုးဖျက်ချင်ဖျက်တယ်.. ဒဲ့လွှတ်ချင်လွှတ်တယ်။ ဖတ်လို့ကောင်းချင်ကောင်းတယ်၊ မကောင်းရင်လဲ မကောင်းဘူး။ ဒါပေမယ့် အားလုံးကို ချစ်တယ်။
 တခါတလေ အသက်ရှူဖို့မေ့နေမိလောက်အောင် ၀ဏ္ဏတလုံးချင်း ဖလှယ်ဖန်တီး၊ စာရွက်လွတ်တွေကို ရေးခြစ်ဖျက်ဆီး၊ အိပ်ချိန်တွေ ဖဲ့ပေးခဲ့ရပေါင်းလဲများခဲ့ပါပြီ။ လောကက ဖြစ်သင့်လို့ဖြစ်နေခဲ့တာလား ကျွန်တော်က လုပ်သင့်လို့လုပ်နေခဲ့တာလား။ ဒါမှမဟုတ် ကျွန်တော်ကလုပ်ချင်တာတွေလုပ်နေခဲ့တာလား လောကက ဖြစ်ချင်တာတွေ ဖြစ်နေခဲ့တာလားတော့ မသိပါဘူး။ ဒီအချိန်အထိ ကဗျာနဲ့ ကျွန်တော်နဲ့ကတော့ လုံးချာလိုက်ရင်းနေတာပါပဲ။ ကျွန်တော့်ဒေါသလည်း သူ့ထဲ စီးဆင်းသွားတာပဲ။ ကျွန်တော့်မာနလည်း သူ့ထဲစီးဆင်းသွားတာပဲ။ ကျွန်တော့်အချစ်ကိစ္စတွေလည်း၊ ကျွန်တော့်မျက်ရည်တွေလည်း၊ ကျွန်တော့်သိက္ခာတွေလည်း၊ ကျွန်တော့် အတ္တတွေလည်း သေချာပေါက်ကို ပါဝင်နေတာပါပဲ။
 ကြုံခဲ့ဖူးပါတယ် … တချို့ပေါ့ … ဝေဖန်ခံရတာလေးတွေ .. ကျွန်တော်ကလည်း မပြည့်ဝတဲ့သူပဲဆိုတော့ ခံစားရပြီး ပြန်ရေးမိတာလေးတွေရှိတယ်။ 
……ကလေးမဖတ်ရ ……
ကဗျာမှာသဒ္ဒါမရှိဘူး ကလေး
ငါ့ပါဒတွေကို မကြိုက်လဲ မင့်ဆန္ဒပဲပေါ့
လူသုံးများတဲ့ ၀ါကျတွေနဲ့တော့
ငါ့ကိုနှဲ့ဖို့ မကြိုးစားသင့်ဘူး
ကလေးရူးသွားမယ်
သွင်သွင်စီးသုဝဏ္ဏမြစ်လို
ငါ့အက္ခရာများကို ထိန်းကျောင်းခဲ့တာပါ
ဘယ်ဥတုဆိုးကမှ
ငါပိုင် ၀ဏ္ဏစီးကြောင်းကို ချိုးဖျက်နိုင်မယ်မဟုတ်ဘူး
မင့်နုတ်ခမ်းပါးလေးတွေ
အလှပျက်ကုန်မယ် ကလေး
ငါ့ကဗျာတွေကို မဖတ်နဲ့
မမဲ့နဲ့ မရွဲ့နဲ့
မင့်ခံစားမှုအတိုင်းအတာနဲ့ မဆန့်ရင်
ရူးချင်ယောင်ဆောင်နေတာကောင်းတယ်
စောဒကမတက်နဲ့
ခု ဖေါက်ထုတ်လိုက်တဲ့သွေးစက်ကို
ခု စာရွက်ပေါ်တင်မှလတ်ဆက်တာ
နားလည်လား …
လူဆိုတာ သူ့အချိုးအစားနဲ့သူ
သူ့တံဆိပ်နဲ့သူနေမှ ရောင်းတန်းဝင်တာ
ကိုယ့်အဆင့်နဲ့ကိုယ် အသက်မွေးဝမ်းကြောင်းပါကလေး
အတန်းကျောက်တက်ချင်ရင်
ကိုယ့်အမှတ်တွေ ကိုယ်ပြန်စစ်ဆေးကွယ်
ပြောဆိုရတာလဲ
တကယ်ပဲ အားနာပါတယ်
စာဖတ်တတ်ရုံနဲ့
ကဗျာမဖတ်တတ်ဘူးဆိုတာ
ကိုယ်သိရဲ့သားနဲ့
မင်းအတွက် အသုံးမ၀င်တာတွေ ရေးနေမိပြန်တယ် … .. .

 အမှန်တကယ်က ကျွန်တော်ကိုယ်တိုင်က အသုံးမကျတာပါ။ လူသားအားလုံးလက်ခံနိုင်တဲ့ အချိန်ကာလရဲ့ စစ်ဆေးမှုကို ကျော်လွန်နိုင်တဲ့ ဒေါင်ဒေါင်မြည် ဖန်တည်းမှုမျိုး ပြုလုပ်နိုင်ဖို့ဝေးလို့ ကိုယ့်ပတ်ဝန်းကျင်က လူတစုလောက်မှာတောင် အားလုံးလက်မခံနိုင်တဲ့ လက်ရာမျိုးနဲ့ မာန်လေးက တက်ချင်နေခဲ့တာ။ ခုထိလဲ အဲဒီမာန်က ကုန်ပြီလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသေးပါဘူး။ သာမန်လူပဲမဟုတ်လား။ တခါတလေရေးမိတဲ့ကဗျာတွေဆို ကိုယ်သိကြောင်းတက်ကြောင်းပြချင်စိတ်နဲ့ စာလုံးတွေကုလားဖန်ထိုး အချိုးဖျက်လွန်ပါဒတွေ တန်းစီလို့ ကိုယ့်ဘာသာကိုယ်တောင် အဓိပ္ပါယ်ပါးပါးလေးပဲ ကျန်တော့တဲ့အထိ အတတ်ဆန်းမိခဲ့တာတွေလဲ ရှိပါတယ်။ ဆရာ့ဆရာတွေအတွက်တော့ ဟာသပဲပေါ့ဗျာ။
 တခါတလေကျတော့လဲ ဒီလိုရှိတယ်ဗျ။ စိတ်ထဲကရှိနေတဲ့အတိုင်းလေး ဖြန့်ချလိုက်မိတာလေးပေါ့။ ဘာရယ်လို့ ဦးတည်ချက်နဲ့လဲ မဟုတ်ပြန်ဘူးလေး .. ခေါင်းစဉ်လဲ တပ်လို့မရ။ ဆက်ရေးလို့လဲမရနဲ့ .. ကိုယ့်ဘာသာကိုယ်ကြိုက်နေမိပြန်ရော
သွားသင့်လို့ သွားခဲ့တဲ့လမ်းမှာ
မှားသင့်လို့မှားခဲ့တယ်
ခရီးရောက်မဆိုက် မပြုံးပြလိုက်ပါနဲ့
အသုံးမကျခဲ့သော ပန်းတို့
ကြွေရော့မယ် …..
 ကိုယ်ရေးတာကိုယ်ပြန်ဖတ်ပြီး အဓိပ္ပါယ်အမျိုးမျိုးထွက်နေလို့ ဘာခေါင်းစဉ်ပေးရမှန်းတောင်မသိတော့ဘူး။ အပြန်လမ်းမှာ ကိုယ့်ကိုမျှော်လင့်ခြင်းတွေနဲ့စောင့်နေတဲ့သူရဲ့ အပြုံးကို ရင်မဆိုင်ရဲတဲ့ မအောင်မြင်ခဲ့သူတယောက်ရဲ့ စာလုံးတွေလို့ ခံစားမိနိုင်ပါတယ်  … ဘယ်လိုပဲ ပြောပြောပါလေ ကျွန်တော်ကတော့ ကောင်းတယ်ပြောပြော မကောင်းဘူးပဲ ပြောပြော ကိုယ့်ကဗျာပိုင်နက်ထဲမှာ ကိုယ့်ကဗျာပန်းခင်းကို ကိုယ့်ကဗျာဓါးသွားကိုင်စွဲလို့ ကာကွယ်သွားနေမှာပါပဲ။ ကိုယ့်ကဗျာမိုးစက်ပွင့်တွေအောက် ကိုယ့်ရင်ဘတ်ကို ရဲရဲဖွင့်လျောက်ရင်း ကိုယ့်ဘ၀လမ်းတွေနောက်ကို သွားနေဦးမှာပါပဲ ……………….. ။

Comments:

One Response


  1. နင်ချစ်တဲ့ကဗျာတွေရေးရင်း နင်ပျော်ရွှင်နိုင်ပါစေလို့………

Leave a Reply

Subscribe to RSS Feed Rss