ဆရာ့ဆရာများအကြောင်း

Posted on November 13th, 2009 in Uncategorized | 1 Comment »

ကျွန်တော့်ဘ၀မှာ ဆရာပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ မူကြိုကျောင်းကနေစပြီး ဘွဲ့ရတဲ့အချိန်ထိ ဆရာတွေနည်းမှမနည်းတာ။

ကျွန်တော်အခုပြောမယ့် အကြောင်းကတော့ ဘ၀ထဲက ဆရာတွေအကြောင်းပေါ့။ သင်ပုံသင်နည်းအမျိုးမျိုးနဲ့ သင်လို့သင်ပေးမှန်းတောင် နောက်မှပြန်စဉ်းစားမိတဲ့ ဆရာတွေအကြောင်း ပြောပြချင်တာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင် ကျွန်တော်ဟာ ကွန်ပျူတာအကြောင်း ဘာမှ နှံ့နှံ့စပ်စပ် သိပ်သိသေးတာမဟုတ်ဘူးဗျ။  မတောက်တခေါက်အဆင့် တောင်မှ မရှိတရှိရယ်။ အဲဒီတော့ ကိုယ့်ထက် သိတဲ့တက်တဲ့လူတွေရဲ့ စကားတွေပဲ လိုက်နားထောင်ရတာပေါ့ဗျာ။ အဲဒီမှာ နောင်တော်တယောက်က motherboard ကိုကိုင်ပြရင်းနဲ့ ဘာပြောတယ်ထင်လဲ .. မင်း BIOS update လုပ်တာသိလားတဲ့။ ဟင်အင်းပေါ့ ..။ အေး ဒီလိုကွ flash BIOS လို့ပါတဲ့ BIOS တွေက update လုပ်လို့ရတယ်။ ဟုတ်ကဲ့ကျွန်တော် အဲဒါတော့ကြားဖူးတယ်၊ ဘယ်လိုလုပ်ရလဲတော့ မသိဘူး။ ဆိုတော့ .. သူက motherboard ပေါ်က chip လေးကို ပြပြီး ဒီမှာတွေ့လား အဲဒီ chip လေးပေါ်ကနေ လေဆာနဲ့ထိုးပြီး update လုပ်ရတာ။ ဟိုတလောကတောင် အဲ့ဒီစက်လေးဝယ်ထားသေးတယ်။ ခုတော့မင်းကိုပြဖို့ဟာ ပျောက်နေတယ်တဲ့။ ပြီးတော့ အဲဒီပေါ်က ရောင်ပြန်စတစ်ကာလေးကို မခွာနဲ့ သူ့အောက်မှာ လေဆာနဲ့ထိုးဖို့ အပေါက်လေးပါတယ်တဲ့။ ကျွန်တော်လဲ ဗဟုသုတ အနေနဲ့မှတ်သားထားလိုက်တာပေါ့ဗျာ။ အဲဒီဟာ ဘယ်လောက်အထိ လွဲချော်နေတဲ့ ကိစ္စလည်းဆိုတာ အချိန်အတော်ကြာတဲ့အထိ ကျွန်တော်မသိခဲ့ပါဘူး။ သြော် .. ငါမသိမတက်သေးတာကို သူတို့ပျော်စေပျက်စေ စနောက်တာပဲလို့မှတ်ထားလိုက်ပါတယ်။

စကားတခု မှတ်သားဖူးတယ်ဗျ။ ကိုယ့်ကို စော်ကားတဲ့သူကို သည်းမခံပဲ ပြန်တုန့်ပြန်တယ် ပြီးရင်မေ့သွားတယ် အဲဒါလူညံ့တဲ့။ ကိုယ့်ကိုစော်ကားတဲ့သူကို သည်းခံတယ် ပြီးရင်မေ့သွားတယ် အဲဒါသာမန်လူတဲ့။ ကိုယ့်ကိုစော်ကားတဲ့သူကို သည်းခံတယ် ဒါပေမယ့် မမေ့ဘူး အဲဒါမှလူတော်တဲ့။ ဘုရားဟောတရားနဲ့တော့ ညီမယ်မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် လူပေါင်းစုံနဲ့ ဆက်ဆံနေရတဲ့ လောကထဲနေထိုင်နေသမျှတော့ အဲဒီစကားလေးက အတိုင်းအတာတခုအထိ မှန်ကန်တယ်လို့တော့ ထင်တာပဲဗျာ။

နောက်ပြီးတော့ ရှိပါသေးတယ် ပညာလျှိုတဲ့ဆရာတွေ။ ကွန်ပျူတာ ဘေးဖုံးဖွင့်ပြလို့မှ ဘယ်ဟာ cpu မှန်း ဘယ်ဟာ memory မှန်း သေချာမသိသေးတဲ့ အချိန်ကပေါ့ဗျာ။ ကျွန်တော်နဲ့ တတန်းထဲ တက်တဲ့ကောင်က files တွေကို hidden လုပ်တဲ့ မဟာမျက်လှည့်သဖွယ် ပညာရပ်ကြီးကို ဆရာတွေဆီကနေ ကပ်ပေါင်းပြီး သင်ယူတက်မြောက်ထားတယ်ဗျ။ ကျွန်တော်လဲ တက်ချင်တာပေါ့ဗျာ .. အဲဒါနဲ့ သူ့ကို မျက်နှာချိုသွေးပြီး ပြောပြပါ ပြောပြပါ တဂျီဂျီလုပ်တယ် .. ဟင်အင်းပဲ။ ငါဟိုဟာလုပ်ပေးမယ်ကွာ .. ဒီဟာလုပ်ပေးမယ်ကွာ သိမ်းသွင်းတယ် .. မပြောပြဘူး။ ကျွန်တော်ဆိုတဲ့ကောင်က တော်ရုံတန်ရုံ အောက်ကြို့တက်တဲ့ကောင် မဟုတ်ပါဘူး ဒါကြောင့် ဆရာတွေဆီတောင်မသွားပဲ သူငယ်ချင်းအချင်းချင်း ကပ်မေးနေတာဗျာ။ အဲဒါတောင် ဆရာသမားက လုံးဝကြီးကိုမှ မပြောပြဘူး.. အဲဒါက ခက်တယ်ကွ.. ခဏလေး ငါအပြင်သွားလိုက်အုံးမယ်ဆိုပြီးထွက်သွားရော။ သဘောကျဖို့တော့ကောင်းတယ်ဗျာ။ ကိုယ့်မှာရှိတဲ့ လက်တဆုပ်စာ ပညာလေးကို သူများကိုအလွယ်တကူ မပေးချင်တက်ကြတဲ့ စိတ်ဓါတ်ကိုမြင်တွေ့ဖူးအောင် သင်ပေးခဲ့တဲ့ သူငယ်ချင်းဆရာပေါ့။ အခုအချိန်မှာ သူ့ရဲ့ computing skill ဟာ ကျွန်တော့်ခြေဖျားကျော်ရင်တောင်မှ ခြေကျင်းဝတ်လောက်ပဲရှိမှာဗျာ။ ပြန်ဆုံကြတဲ့အခါ သူကျွန်တော့်ကို ပြုမူခဲ့တာ သူသေချာပေါက်မေ့နေမှာပါ။ ကျွန်တော်ကတော့ အဲဒီသူငယ်ချင်းကို သနားလဲသနားမိတယ် ပြီးတော့ သူလိုစိတ်ဓါတ်မျိုး ကျွန်တော့်မှာ ဖြစ်မလာအောင်လဲ သတိထားနေထိုင်ဖြစ်ခဲ့တယ်။

ကျွန်တော်တို့ နယ်မှာနေတုန်းက ကွန်ပျူတာသင်တန်းဆိုတာ အတော်ရှားပါးတာဗျ။ အဲဒီအချိန်မှာ ရန်ကုန်ကနေပြီး နှစ်လပြတ်နဲ့ ကျွန်တော်တို့ရဲ့ နယ်မြို့လေးဆီကို ကွန်ပျူတာဆရာတွေ စက်ပြင်သင်တန်းလာပေးမယ်ဆိုတော့ အရမ်းတက်ချင်တာပေါ့။ အိမ်ကို မရမက ပူဆာရတယ် သင်တန်းတက်ရဖို့ကို။ အမေ့ခမျာလည်း သူ့သားလေး ပညာရေးအတွက်ဆိုပြီး ကြံဖန်ပြီး သင်တန်းကြေးလေး ပေးရှာပါတယ်။ ဒါပေမယ့် အဲဒီဆရာသမားတွေကဗျာ …….. ။ လုပ်စားသွားတာပါကွာ .. ဆိုတဲ့ စကား ကြားဖူးကြပါသလား။ ကျွန်တော်ကတော့ ကိုယ့်ဆရာတွေကို မပြောချင်ပါဘူး သို့သော် .. ။ စာစသင်မယ်ဟေ့ .. ဆရာလာပြီ အဟမ်း အဟမ်း ကွမ်းကလဲ ၀ါးထားသေးတယ်။ ပုဆိုးကို ခဏခဏ ပုံကျအောင် သပ်လိုက် ပြင်လိုက်နဲ့ ။ A+ စာအုပ်ကြီးကိုင်ပြီး တကြောင်းချင်းဖတ်ပြတယ် ငပိသံ ထွက်လာရော။ ဖတ်နေရင်း သူမသိတဲ့ စာလုံးပါလာရင် pocket dictionary လေးလှန်နေတာ မပြီးတော့ဘူးဗျာ။

ကျွန်တော်တို့က သင်တန်းကြေးဈေးကြီးပေးတက်ထားရတာဗျာ.. ထိုက်ထိုက်တန်တန်လေးတော့ လုပ်ကြပါ။ ပထမရက်ပိုင်းတွေက သင်တန်းရဲ့ ကျောင်းအုပ်ပုံစံမျိုး ခပ်ချောချော ဆရာတယောက် သင်သေးတယ်။ သူကလဲ သူတို့ဘယ်လိုလေ့လာခဲ့ရကြောင်း.. ခုဆိုရင်ဖြင့် သူဟာ ဘာကြီးဖြစ်ကြောင်း ဘယ်လိုတက်ကြောင်း အမျိုးအမည်စုံစွာ ကြွားဝါပြီးသကာလ ရန်ကုန်ပြန်သွားပါတော့တယ်။ ခုနက ငပိသံတကြောင်း အဘိဓါန်အလှန်ကောင်းတဲ့ ဆရာနဲ့လွှဲခဲ့တာ လုပ်ရက်လိုက်လေချင်းနော်။ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ကိစ္စဖြစ်ပေမယ့် ခုချိန်ထိ သင်တန်းအမည်နဲ့ အဲဒီဆရာအမည်ကိုတောင် မှတ်မိနေပါသေးတယ်။ မမေ့ပါဘူး .. ကျွန်တော်ဒါမျိုးမမေ့တက်ပါဘူး။

အဲဒီသင်တန်းဖြစ်မြောက်အောင် ကြားထဲကနေ ကမကထလုပ်ပေးတဲ့ နယ်ခံဆရာတယောက်ရှိပါတယ်။ သူက အခြေအနေကို ရိပ်စားမိတယ်နဲ့တူပါတယ်။ အားလုံးကိုတော့မဟုတ်ဘူး ကွန်ပြူတာစက်ကြီးကို တစစီဖြုတ်တပ်ဆင်ပြမယ် ၀င်းဒိုးတင်ပြတာကြည့်ချင်ရင် သင်တန်းမှာညဖက် လာအိပ်ပြီးကြည့်ကြတဲ့။ ကျွန်တော်တို့လည်း အဲဒါကို အရမ်းသိချင်နေတာဆိုတော့ အိမ်ကိုပြောဆိုပြီး ညဖက်ကြီး စက်ဘီးလေးတွေကိုယ်စီနဲ့ သင်တန်းရှိရာဆီ ချီတက်လာကြတာပေါ့။ ဟိုလဲရောက်ရော ဆရာသမားတွေက တစ်ယောက်မှလဲ မရှိဘူးဗျာ အဲဒါနဲ့ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ spider ဖဲရိုက်ရင်း mario ဆော့ရင်း စောင့်နေကြတာပေါ့။ ဒါပဲတက်တာကိုး။ ဟော .. ဆိုင်ကယ်သံတွေနဲ့ ဆရာတွေပြန်လာဘီ။ ဟင် .. မူးလို့ပါလား.. ဘယ့်နှယ်စာသင်မတုန်း.. ဘယ့်နှယ်မှမသင်ဘူး။ တန်းအိပ်ကြတာပဲ။ တယောက်ကတော့ မအိပ်ပါဘူး ကွန်ပျူတာခန်းထဲဝင်လာတယ်။ စာသင်မယ်တော့မထင်နဲ့ မူးမူးနဲ့ ခွေထိုင်ကြည့်နေတယ် ဘာခွေလဲ မမေးနဲ့ မပြောဘူး။ အော်.. ဆရာက ဆရာပါ ဆရာရယ်။ လုပ်ကြပါ။ ဟိုလုပ်ဒီလုပ်နဲ့ သင်တန်းကြီး အောင်မြင်စွာပြီးဆုံးသွားတယ်။ ကျွန်တော်တို့စိတ်ဓါတ်များ ပိန်လိန်စွာ ကျန်ရစ်တယ်။ ဆရာများ အထုပ်ပိုက်ကာ ရန်ကုန်ပြန်ကြတယ်။ ထိုဆရာများကို ktv ပို့လိုက် ဘီယာဆိုင်ပို့လိုက် ပေါင်းသင်းသမှုပြုသူတို့ မဟာပညာရပ်များ လက်သိပ်ထိုးသင်ကြားခြင်း ခံယူကြရတယ်။ မင်္ဂလာပါဆရာ .. ကျေးဇူးတင်ပါတယ်ဆရာ။ တသက်စာပါဆရာ။ ဒေါသ၀မ်းစာများအတွက် ဆရာများအစာကြေညက်ပါစေပေါ့ .. ဆုတောင်းပါတယ်။

ကျွန်တော့်စာက ဒီရေးရင်ဟိုရောက်သွားရောဗျာ .. ဘ၀ထဲကဆရာတွေအကြောင်းပြောရင်းနဲ့ ဆရာ့ဆရာတွေအကြောင်း ရောက်သွားတယ်။ မထူးတော့ပါဘူး ဆက်ရေးတာပဲကောင်းပါတယ်ဗျာ နော်။

No one is perfect ။ ကျွန်တော်သိပါတယ် လူတိုင်းမပြည့်စုံနိုင်ဘူး။ ဒါပေမယ့်ဆရာဆိုတာ ကိုယ်တာဝန်ယူသင်ကြားတဲ့ အပိုင်းမှာတော့ အပြည့်အ၀ နားလည်နေရမယ်လို့ထင်တယ်ဗျာ။ ကျွန်တော်ကလဲ အကျင့်တခုရှိတယ် ဆရာတယောက်က အမှားတခုခုပြောလိုက်ပြီ သူပြောတာလဲ မှားတာသေချာနေပြီဆိုရင် အဲဒီဆရာ နောက်ထပ်ပြောတဲ့ စကားတွေကို ယုံကြည်လို့မရတော့ဘူး။ ခုနကအမှားတောင် ကျွန်တော် အစကတည်းက စာဖတ်ထားလို့သိနေတာဗျာ.. နောက် ကျွန်တော်လဲ မသိတဲ့အမှားဆိုရင်ဘယ်လိုလုပ်မလဲ။ သူမှားကိုယ်မှား အားလုံးပျော်ပျော်ကြီး မှားယွင်းနေလိုက်ရမယ့်အခြေအနေတော့ မဖြစ်သေးဘူးလေဗျာ။ ဆရာတွေဆိုတာ ကိုယ့်ထက်တက်တဲ့ နားလည်တဲ့သူတွေချည်းပါပဲ။ အဲဒီအချိန်ကပေါ့နော်။ ဒါပေမယ့် သူတို့တွေလွဲမှားနေတာကို မြင်ပြီးတဲ့နောက်ပိုင်းမှာ ယုံကြည်မှုလျော့နည်းလာတယ်။ အဲဒီတော့ အဲဒီဆရာ ဒါမှမဟုတ် ဆရာမတွေရဲ့ အတန်းချိန်တွေဆို အပြင်မှာရောက်နေတာများတယ်။ အခြား အကြောင်းတွေလဲ ပါတာပေါ့ဗျာ။ ကျောင်းတုန်းက လူဆိုးစာရင်းမ၀င်ခဲ့ပေမယ့် လူကောင်းစာရင်းနဲ့ အဝေးကြီးမှာ နေထိုင်ခဲ့တာပါ။ ဒီဆရာမဆီမှာ ကျူရှင်တက်ရင် ဟိုဆရာမက မကြည်ဘူးဗျာ။ ဟိုဆရာမနဲ့ အဆင်ပြေနေတဲ့သူတွေကို ဒီဆရာမက အဖက်မလုပ်ဘူးဗျာ။ ဟုတ်ကဲ့ ကျွန်တော်တို့ ဘုရားနဲ့ တစ်ဂိုဏ်းထဲ ထားခဲ့ကြပါတယ်။ အမှားအယွင်းရှိရင် ခွင့်လွှတ်ကြပါခင်ဗျားဆိုပြီး နှစ်စဉ်ဦးချခဲ့ကြပါတယ်။ သမားဂုဏ်ပြည့်ဝကြစေကြောင်း ဆုတောင်းပါတယ်။

ပြောရင်းဆိုရင်းနဲ့ ဟိုးငယ်ငယ်က ဆရာမတွေအကြောင်း သတိရမိသွားပြန်ရော။ အရင်ကလဲ ရေးဖူးပါတယ် မူလတန်းကျောင်းတုန်းက ဆရာမတွေ ပေါက်ပေါက်ရှာရှာ အပြစ်ပေးတက်တာ။ ကျွန်တော်က မူလတန်းတုန်းက ပထမ မရဖူးပေမယ့် ဒုတိယနဲ့ တတိယတော့ ရံဖန်ရံခါရလေ့ရှိတယ်ဗျ။ ဒါပေမယ့် စာမေးလိုက်တိုင်း အချိန်မှီကျက်မှတ်ထားတာမျိုးမရှိတော့ မကြာခဏအပစ်ပေးခံရတာပေါ့။ အဲဒီတခေါက်ပေါ့ ဆရာမက စာမေးမယ် မရလို့ရှိရင် အိမ်သာဆေးရမယ်တဲ့။ မေးလဲမေးရော အတန်းထဲမှာ ပထမရနေကျ ကောင်မလေးက မဖြေနိုင်ဘူး။ အခြားကလေးတွေမရတော့ အကုန်အိမ်သာဆေးရတယ်ဗျာ။ သူကျတော့ မဆေးဘူး တင်းခံနေတာ နောက်ဆုံးတော့ ထားလိုက်ပါဟယ် ဆိုပြီး မဆေးခိုင်းတော့ဘူး။ သြော် .. ဆရာမ ဆရာမ။ အဲဒီလိုပဲ ကျွန်တော်တို့ ဖင်ကျွတ်ကလေးတွေနဲ့ ကျောင်းပတ်ပြေးရတော့လဲ စာမရတဲ့ တချို့မမတွေက ရှက်လို့မပြေးနိုင်ပါဘူးဆိုတော့ မပြေးခိုင်းဘူးလေ.. ကျွန်တော်တို့ပဲ သောက်ရှက်မရှိတာ ကျနေတာပဲ။ တရားပါပေတယ်။ အနှစ်နှစ်ဆယ်လောက်ရှိပါပြီ ဆရာမ .. ဒါပေမယ့် မှတ်မိနေတုန်းပဲဗျာ။ စာမရရင် လက်ခေါက်အရိုက်ကြမ်းတဲ့ဆရာမက သူ့ကိုချောကလက်ကျွေးတဲ့ ကောင်မလေးတွေကို လက်ဝါးကို အသာလေးပြုံးပြီးရိုက်တယ်။ ကထိန်မှာ ပိုက်ဆံများများ ထည့်နိုင်တဲ့ ကျောင်းသားကို ဆရာမက အမြဲမြှောက်ပင့် ချီးမွမ်းတယ်။ စာတော်လိုက် ညံ့လိုက်ဖြစ်နေတဲ့ ကျွန်တော့်လိုကောင်ကို ကျတော့ ဆရာမတွေ သောက်မြင်ကပ်လိုက် ပြန်ကြည်လင်လိုက်နဲ့ လည်ပတ်လို့ အတန်းကျောင်းကြီးလဲပြီးခဲ့ပါတယ်။

ပြောခဲ့သလိုပဲပေါ့ဗျာ .. ဖတ်ဖူးတဲ့စာထဲက အတိုင်းဆိုရင်တော့ ကျွန်တော်ဟာ လူတော်ပေါ့လေ .. မေ့မှမမေ့ပဲဟာကိုး ..။ ဒါပေမယ့် အဲဒီဆရာတွေနဲ့ ပြန်ဆုံတွေ့တဲ့အခါမှာတော့ သူတို့ငါ့ကို ဒီလိုဆက်ဆံခဲ့တာ သူတို့လဲမေ့နေလောက်ပါပြီ။ ငါအမှတ်ရနေမယ်မှန်း စိတ်ကူးမိမှာတောင်မဟုတ်ဘူး။ အခုတော့ အားလုံးပြီးခဲ့ပါပြီဆိုပြီး စိတ်ရင်းနဲ့ ပြန် ပေါင်းသင်းဆက်ဆံနေဖြစ်ပါတယ်။ အဲဒီထဲက တချို့ဆရာတွေကတော့ ကျွန်တော့်ကို ထပ်ပြီး သင်ခန်းစာအသစ်တွေ သင်ပေးကြပြန်ရောဗျာ။ ဆရာကျလွန်း ကြပါပေတယ်။ ဘယ်လိုလုပ်မလဲ .. ကျွန်တော် လူတော်ဖြစ်ချင်တယ်ဗျာ ………. ။ ဒါပေမယ့် အမှတ်မှ မရှိတာကိုး ခံပေါ့။

ကျွန်တော်နှင့် ဟဲစတိုင်လ်

Posted on November 6th, 2009 in Uncategorized | 1 Comment »

ကျွန်တော်က သိပ်ပဲများတဲ့ကောင်တော့ မဟုတ်ပါဘူး .. ဒါပေမယ့် ဆံပင်ပုံစံကိုတော့ ဂရုစိုက်လေ့ရှိတယ်ဗျ။ အခုမှမဟုတ်ဘူး ဟိုးငယ်ငယ်လေးကတည်းက အဲဒီရောဂါက ဖြစ်နေတာ။ လူတယောက်မှာ သူ့အကျင့်နဲ့ သူကိုးလေ ဟုတ်တယ်မလား။ ခင်ဗျားရော ကိုယ့်ခန္တာပေါ်က ဘယ်နေရာကို သ ရတာအကျင့်ဖြစ်နေလဲ။ တကိုယ်လုံးပဲလား။
ဒီလိုဗျ ကျွန်တော့်ဆံပင်က ကောင်းတယ်ဆိုတဲ့အထဲမပါဘူး။ တခုခုသာ မလိမ်းထားရင် ထိုးထိုးထောင်ထောင်နဲ့ အကြည့်ရဆိုးတာကိုး။ အဲဒီတော့ ငယ်ငယ်ကတည်းက အဖွားတို့ အမေတို့က အုန်းဆီအမြဲလိမ်းပေးလေ့ရှိတယ်။ ဒါပေမယ့် ကျွန်တော်က အုန်းဆီကို မကြိုက်ဘူး ရွှဲရွှဲ စိုစိုကြိးနဲ့ တမျိုးကြီးပဲ။ ကလေးဆိုတော့လဲ ဘာမှမတက်နိုင်ဘူးပေါ့လေ လူကြီးတွေလိမ်းတော့လဲ ငြိမ်ခံနေရတာပေါ့။ မူလတန်းကျောင်းပြီးတဲ့အချိန်ထိ ဘိုကေဘေးခွဲလေးနဲ့ မျက်မှန်လေးနဲ့ ကလေးတွေကြားမှာ လူသိပ်အကြည့်ခံရတာပေါ့ဗျာ။ အဲဒီချိန်တုန်းက သုံးတန်းလောက်နဲ့ မျက်မှန်တပ်ရတဲ့ ကလေးက သိပ်နည်းတာကိုး ကျွန်တော်တို့ကျောင်းမှာဆို ကျွန်တော်တစ်ယောက်ပဲရှိတာကိုကြည့်။
သုံးတန်းနှစ်တက်တုန်းကလည်း ကျွန်တော်ဘယ်လောက်ကြောင်သလဲဆို ဆရာမက အတန်းထဲမှာ ကျောင်းသားအသစ်တွေပါတော့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ခွဲမလို့လုပ်တယ်ဗျာ။ မနက်တိုင်း ဘာသာအလိုက် ဘုရားရှိခိုးရတာကိုး။ ဆရာမက ခရစ်ယာန်တွေ မတ်တပ်ရပ်ဆိုတော့ ခလေးတချို့ဝုန်းကနဲထရပ်ကြတယ်။ အဲဒီမှာ ကျွန်တော်စ တိုင်ပတ်ပြီ။ ငါဘာဘာသာပါလိမ့်ပေါ့ .. အမေကလဲ တခါမှ မပြောထားဘူး ဒုက္ခပဲ ။ နောက်တော့ ဆရာမက ဗုဒ္ဓဘာသာတွေ ရပ်ဆိုတော့ ရပ်ကြပြန်ရော အဲဒီမှာတင် ကျွန်တော်ဘာလုပ်ရမလဲမသိဘူး ငိုပါလေရော …. ။ တတန်းလုံး ၀ိုင်းကြည့်နေတော့တာပေါ့ .. ဒါနဲ့ ဆရာမကဘာလို့ငိုတာတုန်း မေးတော့ သားက ဘယ်ဘာသာလဲ မသိလို့ ဆိုပြီး ထပ်ငိုပြန်ပါရော .. ၀မ်းနည်းလိုက်တာနော်။ အဲဒါနဲ့ ဆရာမက မငိုနဲ့သား မင်းအမေက မနက်တိုင်း ဘုရားရှိခိုးတယ်မဟုတ်လား မေးတော့ ဟုတ်ကဲ့ ရှိခိုးတယ်ပေါ့။ ဘုန်းကြီးဆွမ်းကပ်လားမေးတော့ ကပ်တယ်ပေါ့။ အင်း အဲဒါဆို မင်းက ဗုဒ္ဓဘာသာပေါ့ ဆိုပြီးပြောမှ အဟင့် အုအု ဆိုပြီး အငိုလက်စသတ်ရပါတယ်။
တကယ်က အမေနဲ့ အဲဒီဆရာမနဲ့က အသိမိတ်ဆွေတွေပဲဟာ ဆရာမက သိရဲ့သားကြီးနဲ့ မေးနေသေးတယ် ဟွန်း။ အဲဒီမူလတန်းကျောင်းက ဆရာမတွေက မကောင်းဘူးဗျ။ စာမေးလို့မရရင် မရိုက်ဘူး .. ဘောင်းဘီချွတ်ပြီး ကျောင်းပတ်ပြေးခိုင်းတယ်။ ကျွန်တော်ကလဲ ခဏခဏ စာမရဆိုတော့ ခဏခဏပတ်ပြေးနေရတာ စဉ်းစားသာကြည့် တောကျောင်းဆိုတော့ အသားညိုညိုကလေးတွေကြားမှာ ဖြူဖြူလေး ပျူးပျူးလေး (မျက်မှန်)ဆိုပြီး ကျောင်းရှေ့က ဖြတ်သွားဖြတ်လာလူတွေက ပြုံးစိပြုံးစိနဲ့ ကြည့်ကြည့်သွားကြတာ မြင်ယောင်သာကြည့်တော့ … အဲ မမြင်ယောင်နဲ့ ကြုံလို့ပြောပြတာ။
အလယ်တန်းရောက်တော့ ကျောင်းပြောင်းရတော့ အတန်းသစ် သူငယ်ချင်းအသစ်တွေကြား ကြောင်တောင်တောင်လေးပေါ့ဗျာ။ ဒါပေမယ့် တလလောက်လဲရှိရော မျောက်ချောက်တော့တာပဲ သိတယ်မလား။ အဲဒီအချိန်မှ မုန့်ဖိုးလေးတွေစုပြီး ဂျဲလ်ဘူးသေးသေးလေးတွေ ၀ယ်တယ်။ ပီးတော့ ဆံပင်ကို ဖြီးတော့တာပေါ။့ ဒါပေမယ့် ကျောင်းက အရမ်းစည်းကမ်းကြီးတယ်ဗျ။ ဆံပင်ကို ရှေ့တလက်မ နောက်ပြောင် အဲ့ဒီလို ပုံထားရတယ်။ အဲဒီငုတ်စိလေးကိုပဲ ပုံစံအမျိုးမျိုး လုပ်နေတော့တာပဲ။ ခြောက်တန်းလောက်လဲရောက်ရော ရှေ့နားကဆံပင်တစုကို နဲနဲခိုးပြီး အရှည်ထားထားတယ် .. ပြီးရင် ဦးထုပ်ကိုနောက်ပြန်ဆောင်းပြီး ဦးထုပ်နောက်ဖက်အပေါက်ထဲကနေ ဆံပင်တစုကို စူပါမင်းဆံပင် အကောက်လေးလို လိမ်ပြီးပြန်ထုတ်ထာလေ။ မနက်ဆို မရမက အဲ့ဒီပုံစံလုပ်ရတာ မလွယ်ဘူး။ ကျောင်းမှာက မနက်အတန်းမ၀င်ခင် ကမ္ဘာမကျေသီချင်းဆိုရတာ အဲဒီအချိန်ဆို ဦးထုပ်ဆောင်းလို့မရဘူးဗျာ။ ကျွန်တော့်မှာ အဲဒီဆံပင်ပုံစံကို မပျက်အောင်ဦးထုပ်ကိုချွတ်ရတာကလဲ အလုပ်တခုပဲ။ ပြီးတော့ ကျောင်းစိမ်းအင်္ကျီလက်တိုကို အနားစလေးခေါက်တင် ပုဆိုးက ဖင်မှာချိတ်နေရုံလေးဝတ်ပြီး အောက်မှာတော့ လမ်းမှာရှိသမျှ ဖုန်တွေသဲတွေ ပါလာလောက်တဲ့အထိ ဖိနပ်တောင်မမြင်ရအောင် ပုံနေအောင်ဝတ်တာ လူပျိုမဖြစ်တဖြစ်အချိန်လေးတွေကပေါ့ဗျာ။ ကောင်မလေးတွေ အရှေ့ရောက်ရင် မဟာလက်မောင်းတံကြီးတွေကို ကားပြီး လျောက်ချင်လျောက်တက်သေးတာ။ ငယ်တုန်းမို့လားနော်။
ရှစ်တန်းနှစ်လောက်မှာတော့ ကျောင်းကစည်းကမ်းတွေကိုလဲ သိပ်ဂရုမစိုက်ချင်တော့ဘူး။ ဆံပင်ပုံမဟုတ်လို့ ကျောင်းက ရိုက်လဲ တပတ်တခါ ပေါင်တွေတင်ပါးတွေမှာ ရှိုးရာတွေ အထင်ခံပြီး ဆံပင်ကို အရမ်းကြီးတိုအောင်မညှပ်တော့ဘူး။ ပုံသွင်းလို့ရအောင် နဲနဲရှည်ထားတယ်။ ဆူလဲမညှပ်ဘူး သိတယ်မဟုတ်လား.. အဲဒီအချိန်က ကောင်လေးတွေရဲ့ဒိဇိုင်းက ဆူလေ ပိုရွဲ့လေပဲ။ ဆံပင်ညှပ်တဲ့ဆိုင်တောင်မှ ကလေးတွေညှပ်တဲ့ဆိုင်မှာ မညှပ်ချင်တော့ဘူး လူပျိုတွေညှပ်တဲ့ဆိုင်တွေမှာ သွားညှပ်တာ။ အဲဒီမှာက ပိုစတာပုံတွေကလဲ လန်းတယ်လေ။ ပြီးတော့ ဆေးလိပ်ခိုးသောက်ဖို့လဲ အကောင်းဆုံးနေရာပဲမလား။ ကျွန်တော်တို့ ရှစ်တန်းကျောင်းပိတ်ထားတုန်းက တိုက်တန်းနစ်ကားက အရမ်းနာမည်ကြီးတာကိုး။ အဲဒီကားထဲက လီယိုနာဒိုရဲ့ ဆံပင်ကိုကြိုက်လို့ ကျောင်းပိတ်တုန်း ထားထားတာ အတော်တူနေပြီဗျ။ ကျောင်းလဲဖွင့်ရော ညှပ်ပစ်လိုက်ရတာဗျာ နှမြောလို့မဆုံးဘူး။ နောက်ဆုံးတော့ ဗန်ဒိန်းကေလိုလို ဘာလိုလို ပြန်ဖြစ်သွားပြန်တာပဲလေ။
ကျွန်တော်တို့ ဆယ်တန်းနှစ်မှာတော့ ဆရာမတွေအပြောင်းအလည်းနဲ့မို့ စည်းကမ်းတွေက အရင်ကလောက်ကြီး မတင်းကြပ်နိုင်တော့ဘူး။ အရမ်းကြီးရှည်နေတာကလွဲလို့ ဆံပင်ကိစ္စက သိပ်ပြဿနာမဟုတ်တော့ဘူး။ ပြဿာနာက ကျွန်တော်တို့ကောင်တွေပဲ။ ပန်းချီနဲ့ ကွန်ပြူတာမှာ ထူးချွန်လို့ဆိုပြီး ဆရာမတွေက နည်းနည်းလေး မြှောက်စားထားတဲ့အခါ အခွင့်အရေးကို အလွဲသုံးစားလုပ်တယ်လေ။ ရှစ်တန်းလောက်က စပြီး အတန်းထဲမှာ စာမေးတော့မယ်.. အဲဒီစာကလဲ မရဘူးဆိုရင် ကွန်ပြူတာခန်းထဲ ၀င်နေပြီး ပြိုင်ပွဲအတွက် လေ့ကျင့်သလိုလိုနဲ့ အတန်းလစ်တာပေါ့။ ကိုးတန်းဆယ်တန်းအထိပဲ အတန်းပိုင်ဆရာမတွေနဲ့ ကွန်ပြူတာဆရာမနဲ့ စကားတွေများကြရတာ။ အဲဒီကွန်ပြူတာပန်းချီဆွဲချင်တဲ့ စိတ်ကြောင့်ပဲ ဆယ်တန်းကို ကံကောင်းလို့မကျခဲ့တာ။ ကျွန်တော်က ငယ်ငယ်ကတည်းက စိတ်ခံစားချက်ကို ဦးစားပေးမိလေ့ရှိတဲ့ကောင်လေ။ ဆယ်တန်းတွေ မပြိုင်ရဘူးဆိုတာတောင် မရမက ဆရာမတွေကိုဂျီကျပြီး ၀င်ပြိုင်တာ စာလဲမကျက်ဘူး။ ဆယ်တန်းစာမေးပွဲဖြေပြိးတဲ့ညပဲ ဗဟိုအဆင့်ပြိုင်ဖို့ ရန်ကုန်လာတာ။ စာမေးပွဲရော ပြိုင်ပွဲရော ကျွန်တော့်အတွက်အရေးကြီးတယ်လေ။ ဒါပေမယ့် ဆိုးဝါးတာက အဲဒီနှစ်ပြိုင်ပွဲမှာ ကျွန်တော်မှန်းထားတဲ့ မြန်မာတနိုင်ငံလုံး ပထမဆုမရခဲ့ပဲ တတိယပဲရတယ် ။ ဆယ်တန်းကိုလဲ ကပ်သတ်ပြီးပဲ အောင်တော့တယ်။ သင်ခန်းစာပါပဲဗျာ။
ကွန်ပြူတာ စတက်တော့ ကျွန်တော့်ဆံပင်ပုံက အော်လ်တာလို့ ခေါ်ကြတဲ့ပုံဗျ။ တကယ်က ကျွန်တော်က ဟောလိဝုဒ်ကားတွေထဲက မင်းသားတွေထားလေ့ရှိတဲ့ ပုံမို့ ကိုယ့်ဘာသာကိုယ် ဖြီးတာ။ ဆိုင်မှာညှပ်တာကတမျိုး။ အိမ်မှာပြန်ဖြီးတာကတမျိုး။ ရေလည်ကြိုက်နေတာ ကိုယ့်ဆံပင်ကိုယ်။ အဲဒီနောက်ပိုင်းမှာမှ ကိုရီးယားကားတွေ ခေတ်စားလာပြီး ဂျွန်စောကေတို့ ထယ်ဆောက်ကေတို့ဆိုပြီး လိုက်ညှပ်ကြတာ။ ကျွန်တော့်ကေကိုလဲ ထယ်ဆောက်ကေတို့ ဘာတို့လာပြောရင် အင်မတန်စိတ်ဆိုးတာ။ ဒီကောင်တွေက ကျွန်တော့်နောက်မှ မြန်မာပြည်မှာ ခေတ်စားလာပြီးတော့ ကိုယ့်ဆံပင်ကပဲ သူတို့ကို လိုက်တုထားသလို ဘာလိုလိုနဲ့ တင်းလိုက်တာ။ ဒီကြားထဲ ရစ်ကီမာတင် ဒီဇိုင်းလိုက်လုပ်သေးတယ် ကိုယ့်မျက်ခွက်နဲ့ ဟာသဖြစ်နေလို့ ပြန်ပြောင်းလိုက်ရတယ်လေ။ ကျွန်တော့်မှာ ကျောင်းဖယ်ရီမှီဖို့ မနက်စောစောက ထပြီး ဆံပင်ကိစ္စလုပ်ရတယ်ဗျ.. သူက အခန့်မသင့်ရင် တော်တော်ကြာတာကိုး.. လိုချင်တဲ့ပုံမထွက်လာရင် စိတ်ညစ်ဖို့သိပ်ကောင်းတယ်။ ကေမလန်းတော့ရင် လူက တနေ့လုံး မလန်းတော့သလိုပဲ။
ကျောင်းတွေပြီးလို့ အလုပ်ခွင်ထဲဝင်တော့လဲ ဆံပင်ဒီဇိုင်းက နဲနဲစီတော့ ပြောင်းသွားတယ်။ အချိန်ယူရတာချင်းတော့ တူတယ်ဗျ။ ပန့်အော်လ်တာလိုလို ဖရီးစတိုင်လိုလိုနဲ့ ဆံပင်ကို ဆွဲဖွပြီး ထောင်ထားတာဗျာ ဘယ်လိုခေါ်လဲတော့ သေချာမသိဘူး။ အဲဒါလုပ်နေလို့ ရုံးနောက်ကျတာလဲ ခဏခဏပဲ။ တခါက ဘယ်လောက်ဆိုးသလဲဆိုရင် အမေဈေးမသွားခင်ကတည်းက လုပ်နေတဲ့ ဆံပင် .. အမေဈေးပြန်လာတဲ့အထိ လက်စမသတ်နိုင်သေးဘူး။ အော်ပါလေရော .. ရုံးကလဲနောက်ကျတယ်။ တကယ်က အဲဒီတုန်းက ဂျယ်လ်မကောင်းလို့ဗျ အချိန်ပိုကြာသွားတာ…။ ကျွန်တော်ပဲသိပ်များနေတာ မဟုတ်ပါဘူးနော် ….. ။

ကျွန်တော်ချစ်တဲ့ကဗျာ

Posted on October 22nd, 2009 in ကျွန်တော်ချစ်တဲ့ကဗျာ | 1 Comment »

ဝိမုတ္တိနတ္ခတ်အောက်
ပင်လယ်ည
ကောင်းကင်ထောင်ချောက်
ရေပြင်ပေါ်ခင်းကျင်း
မာယာဆန်လှပစွာ
အမ္ဘုတ ………….

ကျွန်တော် ကဗျာပေါင်းများစွာ ရေးခဲ့ဖူးပါတယ်.. ဒါပေမယ့် ကိုယ်ရေးတဲ့ကဗျာတိုင်း အကုန်လုံးအလွတ်မရပါဘူး။ ထပ်ဖန်တလဲလဲ စိတ်ထဲက ရွတ်ဖတ်နေမိတဲ့ ကဗျာတွေလောက်သာ မှတ်မိနေတတ်တာပါ။ အပေါ်ကရေးထားတဲ့ ကဗျာအတိုအစလေးက ကျွန်တော့်ရဲ့စိတ်ထဲမှာ ကိုးနှစ်တိတိ ရှိနေခဲ့တာပါ။ လိမ်ပြောရင် ခုချက်ချင်း ကံဆိုးပါစေဗျာ။ အဲ့ဒီအပိုင်းအစလေးကို စက်စဲကမ်းခြေမှာ ကို့လို့ကန့်လန့်ရောက်ရှိနေတဲ့အချိန် ရွတ်ဖတ်မိခဲ့တာ။ သင်္ကြန်တွင်းကြီး လျောက်လည်တာ ကားပျက်သွားတော့ ကိုယ့်ဘာသာကိုယ် ကြုံတဲ့ကားနဲ့ ကမ်းခြေကိုရောက်အောင်သွားပြီး ညဖက်အိပ်စရာနေရာမရှိတော့ ကမ်းခြေမှာပဲ ရေစိုစိုကြီးနဲ့ အိပ်ပျော်သွားတဲ့ညပေါ့ဗျာ။ အ၀တ်တထည်ကိုယ်တခုနဲ့ ကမ်းခြေဖက်ကို ညဖက်လမ်းလျောက်ရင်း ရေပြင်ကိုကြည့်လိုက်တော့ သိပ်ကြောက်စရာကောင်းတယ်လို့ ခံစားလိုက်မိတယ်။ ရေပြင်က အနက်ရောင်ကြီးဗျာ၊ လုံးဝမှောင်နေတာ၊ ဒါပေမယ့် လရိပ်ရောင် နဲ့မို့ လိုင်းဖျားလေးတွေကတော့ ဖြူလို့ .. အဖြူအနက်ပေါင်းစပ်ထားတဲ့ ပင်လယ်က သိပ်ကို အံ့သြဖို့ကောင်းတဲ့ ခံစားမှုကိုပေးတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ လူတွေမရှိဘူး.. လှိုင်းသံရယ် ပင်လယ်အနက်ရယ် လရိပ်ဖျော့ဖျော့ရယ် သဲသောင်ရယ် ဒါပဲ….။ တပြိုင်ထဲမှာ ပတ်ဝန်းကျင်နဲ့ ကင်းလွတ်သွားသလို လွတ်လပ်မှုကို ခံစားရတယ်ဗျာ။ တကယ်တော့ အဲ့ဒီအချိန်က ပြဿနာပေါင်းများစွာနဲ့ ဖြစ်နေတာ။ ရေပက်ခံထွက်တဲ့ ကားတစ်စီးထဲက ဘော်ဒါအချင်းချင်း ထိုးကြကြိတ်ကြ ဓါးတွေနဲ့ ထိုးမလိုပါဖြစ်ကြနဲ့ စုံလို့ပဲ။ ဒါပေမယ့် ကျွန်တော်တို့ လမ်းတ၀က်က လှည့်မပြန်ပဲ ပင်လယ်ဆီ ရောက်အောင်သွားခဲ့တယ်။ ကမ်းခြေဆီ ရောက်အောင်သွားပြီး သဲသောင်ကို နင်းခဲ့တယ်။ ကျွန်တော်နဲ့ ပါလာတဲ့ အခြားလူတွေက မလိကျွန်းကို အတူတူသွားခဲ့တဲ့ သူငယ်ချင်းတွေပါပဲ။ အဲဒီတုန်းကတော့ ကလေးသာသာအရွယ်တွေပဲပေါ့ဗျာ။
 ခုနက စာအတိုအစလေးက ဘာကြောင့်မှန်းမသိဘူး စိတ်ထဲစွဲနေတာ။ ကျွန်တော်က ကဗျာအာရုံရတဲ့အချိန် ဘေးနားမှာ စာရွက်နဲ့ ဘောလ်ပန်မရှိရင် နောက်ခဏနေဆို မေ့ပြီ .. နောက်ပြန်စဉ်းစားပြီးရေးလည်း လုပ်ယူတဲ့ စာသားတွေပဲ ဖြစ်မှာလေ၊ သိပ်မစစ်တော့ဘူးလို့ ခံစားရတယ်။ ဖတ်ကောင်းတာမကောင်းတာ တစ်ပိုင်းဗျာ။ အဓိကက စစ်မှန်နေဖို့ပဲ လိုတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့်မို့ လက်တန်းကောက်ရေးနိုင်တဲ့ ကဗျာဆရာတွေဆို အရမ်းလေးစားတယ် .. ကဗျာလဲ ကောင်းမယ်ဆိုရင်ပေါ့လေ။
 နောက်တစ်ပုဒ်ရှိတယ်ဗျ။ ကွန်ပျူတာပထမနှစ်လောက်က ရေးထားတဲ့ကဗျာလေး..
..မိုးနှောင်းပုံပြင်..
ဘယ်တော့ရွာမယ်မသိတဲ့မိုးအတွက်
ငါ့ပျိုးကြဲသီချင်းကို
မသီဆိုဖြစ်ဘူး …။
စာနာလို့
တိမ်တိုက်တွေ မြေမှာစိုက်ပေ့စေဆိုပြီး
ကောင်းကင်က ငါ့အတွက်ငိုလည်း
အခါလွန်မိုးဟာ
အခါလွန်မိုးပဲ ….။
 အဲဒီလို စာပိုင်းတိုလေးတွေက မေ့မသွားပဲ စိတ်ထဲစွဲစွဲနေတက်တယ်။ နည်းပညာအသစ်တွေနောက်ကိုလိုက်ရင်းလိုက်ရင်း ခံစားမှုအသစ်တွေက ကြားညှပ်ကပ်သပ် ပျောက်ပျက်သွားပြန်ရော။ လုံးလည်ချာလည်နေ့တွေထဲ ထွက်ပေါက်တခုလိုလို ၀င်ပေါက်တခုလိုလိုနဲ့ စာကြောင်းအတိုအပဲ့လေးတွေနဲ့ ကစားပျော်ဝင်၊ လက်တလော ဓါတ်နေတဲ့ အာရုံတွေကို အချိုးဖျက်ချင်ဖျက်တယ်.. ဒဲ့လွှတ်ချင်လွှတ်တယ်။ ဖတ်လို့ကောင်းချင်ကောင်းတယ်၊ မကောင်းရင်လဲ မကောင်းဘူး။ ဒါပေမယ့် အားလုံးကို ချစ်တယ်။
 တခါတလေ အသက်ရှူဖို့မေ့နေမိလောက်အောင် ၀ဏ္ဏတလုံးချင်း ဖလှယ်ဖန်တီး၊ စာရွက်လွတ်တွေကို ရေးခြစ်ဖျက်ဆီး၊ အိပ်ချိန်တွေ ဖဲ့ပေးခဲ့ရပေါင်းလဲများခဲ့ပါပြီ။ လောကက ဖြစ်သင့်လို့ဖြစ်နေခဲ့တာလား ကျွန်တော်က လုပ်သင့်လို့လုပ်နေခဲ့တာလား။ ဒါမှမဟုတ် ကျွန်တော်ကလုပ်ချင်တာတွေလုပ်နေခဲ့တာလား လောကက ဖြစ်ချင်တာတွေ ဖြစ်နေခဲ့တာလားတော့ မသိပါဘူး။ ဒီအချိန်အထိ ကဗျာနဲ့ ကျွန်တော်နဲ့ကတော့ လုံးချာလိုက်ရင်းနေတာပါပဲ။ ကျွန်တော့်ဒေါသလည်း သူ့ထဲ စီးဆင်းသွားတာပဲ။ ကျွန်တော့်မာနလည်း သူ့ထဲစီးဆင်းသွားတာပဲ။ ကျွန်တော့်အချစ်ကိစ္စတွေလည်း၊ ကျွန်တော့်မျက်ရည်တွေလည်း၊ ကျွန်တော့်သိက္ခာတွေလည်း၊ ကျွန်တော့် အတ္တတွေလည်း သေချာပေါက်ကို ပါဝင်နေတာပါပဲ။
 ကြုံခဲ့ဖူးပါတယ် … တချို့ပေါ့ … ဝေဖန်ခံရတာလေးတွေ .. ကျွန်တော်ကလည်း မပြည့်ဝတဲ့သူပဲဆိုတော့ ခံစားရပြီး ပြန်ရေးမိတာလေးတွေရှိတယ်။ 
……ကလေးမဖတ်ရ ……
ကဗျာမှာသဒ္ဒါမရှိဘူး ကလေး
ငါ့ပါဒတွေကို မကြိုက်လဲ မင့်ဆန္ဒပဲပေါ့
လူသုံးများတဲ့ ၀ါကျတွေနဲ့တော့
ငါ့ကိုနှဲ့ဖို့ မကြိုးစားသင့်ဘူး
ကလေးရူးသွားမယ်
သွင်သွင်စီးသုဝဏ္ဏမြစ်လို
ငါ့အက္ခရာများကို ထိန်းကျောင်းခဲ့တာပါ
ဘယ်ဥတုဆိုးကမှ
ငါပိုင် ၀ဏ္ဏစီးကြောင်းကို ချိုးဖျက်နိုင်မယ်မဟုတ်ဘူး
မင့်နုတ်ခမ်းပါးလေးတွေ
အလှပျက်ကုန်မယ် ကလေး
ငါ့ကဗျာတွေကို မဖတ်နဲ့
မမဲ့နဲ့ မရွဲ့နဲ့
မင့်ခံစားမှုအတိုင်းအတာနဲ့ မဆန့်ရင်
ရူးချင်ယောင်ဆောင်နေတာကောင်းတယ်
စောဒကမတက်နဲ့
ခု ဖေါက်ထုတ်လိုက်တဲ့သွေးစက်ကို
ခု စာရွက်ပေါ်တင်မှလတ်ဆက်တာ
နားလည်လား …
လူဆိုတာ သူ့အချိုးအစားနဲ့သူ
သူ့တံဆိပ်နဲ့သူနေမှ ရောင်းတန်းဝင်တာ
ကိုယ့်အဆင့်နဲ့ကိုယ် အသက်မွေးဝမ်းကြောင်းပါကလေး
အတန်းကျောက်တက်ချင်ရင်
ကိုယ့်အမှတ်တွေ ကိုယ်ပြန်စစ်ဆေးကွယ်
ပြောဆိုရတာလဲ
တကယ်ပဲ အားနာပါတယ်
စာဖတ်တတ်ရုံနဲ့
ကဗျာမဖတ်တတ်ဘူးဆိုတာ
ကိုယ်သိရဲ့သားနဲ့
မင်းအတွက် အသုံးမ၀င်တာတွေ ရေးနေမိပြန်တယ် … .. .

 အမှန်တကယ်က ကျွန်တော်ကိုယ်တိုင်က အသုံးမကျတာပါ။ လူသားအားလုံးလက်ခံနိုင်တဲ့ အချိန်ကာလရဲ့ စစ်ဆေးမှုကို ကျော်လွန်နိုင်တဲ့ ဒေါင်ဒေါင်မြည် ဖန်တည်းမှုမျိုး ပြုလုပ်နိုင်ဖို့ဝေးလို့ ကိုယ့်ပတ်ဝန်းကျင်က လူတစုလောက်မှာတောင် အားလုံးလက်မခံနိုင်တဲ့ လက်ရာမျိုးနဲ့ မာန်လေးက တက်ချင်နေခဲ့တာ။ ခုထိလဲ အဲဒီမာန်က ကုန်ပြီလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသေးပါဘူး။ သာမန်လူပဲမဟုတ်လား။ တခါတလေရေးမိတဲ့ကဗျာတွေဆို ကိုယ်သိကြောင်းတက်ကြောင်းပြချင်စိတ်နဲ့ စာလုံးတွေကုလားဖန်ထိုး အချိုးဖျက်လွန်ပါဒတွေ တန်းစီလို့ ကိုယ့်ဘာသာကိုယ်တောင် အဓိပ္ပါယ်ပါးပါးလေးပဲ ကျန်တော့တဲ့အထိ အတတ်ဆန်းမိခဲ့တာတွေလဲ ရှိပါတယ်။ ဆရာ့ဆရာတွေအတွက်တော့ ဟာသပဲပေါ့ဗျာ။
 တခါတလေကျတော့လဲ ဒီလိုရှိတယ်ဗျ။ စိတ်ထဲကရှိနေတဲ့အတိုင်းလေး ဖြန့်ချလိုက်မိတာလေးပေါ့။ ဘာရယ်လို့ ဦးတည်ချက်နဲ့လဲ မဟုတ်ပြန်ဘူးလေး .. ခေါင်းစဉ်လဲ တပ်လို့မရ။ ဆက်ရေးလို့လဲမရနဲ့ .. ကိုယ့်ဘာသာကိုယ်ကြိုက်နေမိပြန်ရော
သွားသင့်လို့ သွားခဲ့တဲ့လမ်းမှာ
မှားသင့်လို့မှားခဲ့တယ်
ခရီးရောက်မဆိုက် မပြုံးပြလိုက်ပါနဲ့
အသုံးမကျခဲ့သော ပန်းတို့
ကြွေရော့မယ် …..
 ကိုယ်ရေးတာကိုယ်ပြန်ဖတ်ပြီး အဓိပ္ပါယ်အမျိုးမျိုးထွက်နေလို့ ဘာခေါင်းစဉ်ပေးရမှန်းတောင်မသိတော့ဘူး။ အပြန်လမ်းမှာ ကိုယ့်ကိုမျှော်လင့်ခြင်းတွေနဲ့စောင့်နေတဲ့သူရဲ့ အပြုံးကို ရင်မဆိုင်ရဲတဲ့ မအောင်မြင်ခဲ့သူတယောက်ရဲ့ စာလုံးတွေလို့ ခံစားမိနိုင်ပါတယ်  … ဘယ်လိုပဲ ပြောပြောပါလေ ကျွန်တော်ကတော့ ကောင်းတယ်ပြောပြော မကောင်းဘူးပဲ ပြောပြော ကိုယ့်ကဗျာပိုင်နက်ထဲမှာ ကိုယ့်ကဗျာပန်းခင်းကို ကိုယ့်ကဗျာဓါးသွားကိုင်စွဲလို့ ကာကွယ်သွားနေမှာပါပဲ။ ကိုယ့်ကဗျာမိုးစက်ပွင့်တွေအောက် ကိုယ့်ရင်ဘတ်ကို ရဲရဲဖွင့်လျောက်ရင်း ကိုယ့်ဘ၀လမ်းတွေနောက်ကို သွားနေဦးမှာပါပဲ ……………….. ။

ဂွကျကျကဗျာများ၏မှတ်တိုင်

Posted on September 12th, 2009 in Uncategorized | 2 Comments »

ကျောင်းတက်ဖူးသူတိုင်း ရင်းနှီးကြတဲ့ကိစ္စလေးတစ်ခုရှိပါတယ်၊ များသောအားဖြင့် ကျောင်းသားတွေလုပ်တဲ့ ကိစ္စလေးတခုပေါ့၊ သိတယ်မဟုတ်လား ကဗျာစာအုပ်တွေ ရောင်းတာလေ။ ပထမနှစ်ကတည်းက လုပ်ချင်နေတဲ့ အဲဒီကိစ္စဟာ တတိယနှစ်ရောက်တဲ့အထိ အကောင်အထည်မပေါ်နိုင်ခဲ့ပါဘူး။ လုပ်သာလုပ်ချင်တာ ဘယ်ကနေ ဘယ်လို စလုပ်ရမှန်း ဘယ်သူမှမသိတဲ့ဟာနော်။

            အစတုန်းကတော့ ဒီလိုပဲ မေ့မေ့ပျောက်ပျောက်နေလိုက်တာပါပဲ၊ ဒါပေမယ့် တခြားကျောင်းက ကျောင်းသားတွေ ရေးထားတဲ့ကဗျာစာအုပ်တချို့တလေ ကျွန်တော်တို့ကျောင်းနယ်နမိတ်ထဲ ကျုးကျော် ၀င်ရောက်လာတာကို ဒီအတိုင်းငြိမ်မခံချင်တာနဲ့ ငါတို့လုပ်ရင် ဒီထက် အဆပေါင်းများစွာ သာတာပေါ့ကွာ ဆိုပြီး ကန်တင်းမှာ ဟောင်ဖွာဖွာလုပ်ရင်းနဲ့  ဇာတ်လမ်းက အဲဒီမှာစတော့တာပါပဲ။ ကဗျာစာအုပ် လုပ်ဖို့ကိစ္စမှာ အရေးကြီးတာက ကဗျာတွေကနောက်၊ အသပြာက အရင်ဆိုပါတော့၊ အဲဒီ ရန်ပုံငွေရဖို့အတွက် ပါဝင်ရေးသားလိုတဲ့သူတွေကို လည်ပင်းညစ်အလှူခံရသေးတယ်။ အဲဒီအချိန်တုန်းက ပိုက်ဆံတသိန်းခွဲလောက်ရဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲဗျ။ ပြန်ရမရမသေချာတဲ့ ရင်းနှီးမြုပ်နှံမှုကြီးမှာ ဘယ်သူမှ စိတ်လိုလက်ရ အုတ်လဲမတချပ် သဲလဲမတပွင့်ချင်ကြဘူးလေဗျာ။ အဲဒါနဲ့ ပင်တိုင်ကဗျာဆရာကြီးတွေ ဖြစ်တဲ့သူတွေကပဲ အများဆုံးရှယ်ရာရှင်တွေ ဖြစ်ကြလေသတည်း ပေါ့ဗျာ။

            မလုပ်မဲ့သာ မလုပ်ဖြစ်တာ၊ တကယ်လဲ စာအုပ်ထုတ်မယ်လဲဆိုရော ပေးလာကြတဲ့ကဗျာတွေဆိုတာ ဘယ်နည်းလိမ့်မလဲ။ ထည့်ရင်းထည့်ရင်းနဲ့ ကဗျာစာအုပ်ကနေ ၀ထ္ထုစာအုပ်လောက်ရှိတော့မယ်။ ဒီလိုတော့ မဖြစ်သေးဘူးပဲ၊ ပြန်လျော့ရမယ်။ ရှယ်ရာ အများဆုံး ကဗျာဆရာက ရေးအားအလွန်ကောင်းသူဆိုတော့ သူ့ကဗျာတွေက စာအုပ်တ၀က်နီးပါးရှိတာကိုးဗျ။ အဲဒါနဲ့ သူ့ကို ချော့မော့ပြီး ပြန်လျော့ခိုင်းရတယ်။ ဒါတောင် ကိုးပုဒ်လားဆယ်ပုဒ်လားပဲ။ ကျွန်တော်တောင် ငါးပုဒ်လောက် ၀င်အားပေး ထားသေးတာကိုးဗျ။ အခြားသူတွေက တစ်ယောက်ကို သုံးပုဒ်လေးပုဒ်လောက် ပါဝင်ရူးသွပ်ကြသည်ပေါ့ဗျာ။

            ကျွန်တော်တို့ ဘယ်လောက်ဆိုးသလဲဆိုရင် ကိုယ်ကသာ များများရေးချင်တာ၊ သူများတွေရေးထားတဲ့ ကဗျာငုတ်စိ တိုတိုလေးတွေကို တစ်ပုဒ်ကို တစ်မျက်နှာပေးရရင် စာအုပ်စားတယ်ဆိုပြီး ကဗျာကို နှစ်ပုဒ်တစ်ပုဒ်ပေါင်းခိုင်းလိုပေါင်းခိုင်း၊ ကလောင်နံမည် မကြိုက်ဘူးဆိုပြီး ပြောင်းခိုင်းလိုပြောင်းခိုင်းနဲ့ လုပ်ချင်သလိုလုပ်နေတာ။ ကိုယ်က အယ်ဒီတာ ထုတ်ဝေသူ စီစဉ်သူပဲလေ ဒါလောက်တော့ လုပ်ပိုင်ခွင့်ရှိတာပဲ မဟုတ်လား။ ဖြစ်နိုင်ရင် တပုဒ်လုံးတောင် ၀င်ပြင်ပေးလိုက်ချင်သေးတာ မကောင်းတက်လို့ ဟင်းဟင်း။

            ကဗျာစာအုပ်မှာ သရုပ်ဖေါ်ပုံတွေလဲ ထည့်ချင်သေးတာ။ သိတယ်မဟုတ်လား မဂ္ဂဇင်းတွေမှာဆို ကဗျာတွေရဲ့ဘေးမှာ ဘာမှန်းမသိတဲ့ ပုံလေးတွေလေ ကြည့်လို့လဲကောင်းတယ်။ အဲဒီတုန်းက သူများကျောင်းက စာအုပ်တွေမှာလဲ ဒါမျိုးမလုပ်တော့ သာအောင်ဆိုပြီး လုပ်ကြမယ်ပေါ့။ ဘယ်သူလုပ်မလဲဆိုတော့ ပြောစရာကိုမလိုဘူး ကျွန်တော့်ဆီပဲရောက်လာတာပဲ။ စာသင်ချိန်မှာတောင် ကာတွန်းထိုင်ဆွဲနေတဲ့ကောင်ကိုး၊ အားကိုးကြတယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ကွန်ပျူတာနဲ့ ဒီဇိုင်းမဆွဲတက်သေးဘူးလေ၊ ဆိုတော့ကာ စာရွက်အဖြူပေါ်မှာ ကဗျာအပုဒ်ပေါင်းများစွာအတွက် သရုပ်ဖေါ်ပုံများစွာကို မှင်အနက်နဲ့ နေ့ရှိသရွေ့ ထိုင်ဆွဲနေရတော့တာကိုး။ ပြီးမှ စကန်နာနဲ့ ပြန်ဖတ်ပြီး ကွန်ပြူတာထဲ ထည့်ရတာ။

            စာစီစာရိုက်ဖို့အတွက်ကြတော့ ကွန်ပျူတာစင်တာတခုမှာ အလုပ်လုပ်နေတဲ့ ကဗျာဆရာက ကူညီပါတယ်။ သူ့ခမျာလဲ အားရင်အားသလို ခံစားချက်ရှင်းတမ်းကဗျာစာသားတွေကို အားကြိုးမာန်တက် တချောက်ချောက်ရိုက်ရှာပါတယ်။ နောက်ပြီး ကဗျာစာအုပ်ရဲ့ ပုံပန်းသွင်ပြင်ကိုလဲ စဉ်းစားရပါသေးတယ်။ သူများနဲ့မှမတူချင်တာကိုး။ မတူချင်ဘူးဆိုပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်ဝယ်ထားတဲ့ ကဗျာဆရာမ မိကောက်ရဲ့ ခပ်ညံ့ညံ့ကဗျာများ ဆိုတဲ့စာအုပ်ရဲ့ ပုံစံမျိုးလေးကို သိပ်ခိုက်နေကြတာဗျ။ အရေးအသားတွေရော၊ စာအုပ်ရဲ့အရွယ်အစားကိုရော၊ မျက်နှာဖုံးဒီဇိုင်းလေးကိုရော အရမ်းသဘော ကျနေတာဆိုပါတော့။ နောက်ဆုံးတော့ အဲ့ဒီအရွယ်အစားကိုပဲ အားလုံးသဘောတူလိုက်ကြပါတယ်။

            ကဗျာစာအုပ်တော့ ဟုတ်ပါပြီ။ ဘယ်မှာလဲ နာမည်၊ ပေးလိုက်ကြတာတော့ တစ်ယောက်တစ်ပေါက်စုံလို့ပါပဲ။ ခပ်ညံ့ညံ့ကဗျာများဆိုတာလေးကို ကြိုက်ပေမယ့်။ နဂိုထဲကမှ ချူနာပါနာ ကဗျာစာအုပ်လေးကို အဲဒီနံမည်မျိုးပေးလို့ကတော့ ဘယ်သူမှတောင် ၀ယ်မှာမဟုတ်ဘူးလေ။ မဖြစ်သေးပါဘူး။ တတိယနှစ်မှာလုပ်တာဆိုတော့ “တတိယမိုးစက်များ” “တတိယကျောက်စာထက်မှ အက္ခရာများ” ဒါလဲ တမျိုးကြီးပဲ သိပ်မမိုက်ဘူး။ နောက်တော့ ကဗျာကျကျများ ဆိုတဲ့ ခေါင်းစဉ်လေးကို စဉ်းစားမိကြတယ်။ မဆိုးဘူးပဲ။ မျက်နှာဖုံးမှာလဲ ကော်ဖီခွက်လေးနဲ့ ဘာနဲ့ဆွဲထားသေးတယ်ဆိုတော့ ကွက်တိပဲပေါ့။

            ကဲ ထုတ်လုပ်ရေး စပြီ။ ရန်ပုံငွေကို ချွေတာတဲ့အနေနဲ့ ပထမတစုံကို ပရင်တာနဲ့ထုတ်လိုက်ပြီး ကျန်တာကို မိတ္တူဆွဲပါတယ်။ ကနဦးအနေနဲ့ အုပ်ငါးဆယ်စာပေါ့။ legal စာရွက် လေးခေါက်ချိုးအရွယ်ဆိုပါတော့။ အဲ့ဒီလိုခေါက်ချိုးပြီးပြန်အချုပ်မှာ နံပါတ်စဉ်တွေ ကွက်တိ ကျဖို့ရန် စာစီကဗျာဆရာလဲ တော်တော် ဦးနှောက်စားလိုက်ရပါသေးတယ်။ အားလုံးလဲလုပ်ပြီးရော ဈေးသက်သာတဲ့ ဖြတ်စက်မှာ သွားဖြတ်လိုက်တာ စာအုပ်အနားသားတွေ လုံးပြီးထွက်လာပါရောဗျာ။ အတော်လေးစိတ်ဓါတ်ကျကုန်ကြပါတယ်။ သွားပါပြီ ငါတို့ရဲ့ စာအုပ်လေးတွေ၊ ရောင်းပန်းလဲမလှတော့ဘူး၊ ဘယ့်နှယ်လုပ်ရပါ့နော်။

            နောက်လဲ ပြန်ဆုတ်လို့မရတဲ့နောက်တော့ ရန်ပုံငွေကိုပြန်လည်ညှိနိုင်းကြပြီး မျက်နှာဖုံးဒီဇိုင်းကို ရန်ကုန်မှာ တက်လုပ်ဖို့ အားလုံးဆုံးဖြတ်လိုက်ကြပါတယ်။ ဘယ်မှာလုပ်ကြမတုန်း။ မိကောက်ကဗျာစာအုပ်မှာပါတဲ့ နာမည်ကြီး စီစဉ်သူ ဆီမှာသွားကြတာပေါ့။ ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်လို့ပဲ။ အဲဒီစာအုပ်ထဲမှာပါတဲ့ ဖုန်းနံပါတ်ကိုဆက်တော့ မရှိပါဘူးရှင်တဲ့။ ဒါက ပုံနှိပ်တိုက်နံပါတ်ပါတဲ့။ အဲဒီပုံနှိပ်တိုက်ကလဲ အခုချိန်ထိ ရန်ကုန်မှာ နာမည်ကြီး ပုံနှိပ်တိုက်ပါ။ သူတို့ကနေမှတဆင့် စီစဉ်သူရဲ့ ဖုန်းနံပါတ်ကို တောင်းရပါတယ်။ အဲဒီနံပါတ်ကို ထပ်ဆက်လိုက်တော့ သူ့ရဲ့ အမျိုးသမီးထင်ပါရဲ့ ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောပါတယ်။ နယ်မှာရှိတဲ့ကျောင်းသားတွေလုပ်တဲ့ ကဗျာစာအုပ်ဖုံးကို သူ့ယောက်ျားဆီတောင် လာအပ်တယ်ဆိုတော့ ကျွန်တော်တို့ကို ထူးဆန်းတဲ့ကောင်တွေလို့ သဘောမထားပဲ အနုပညာနှစ်သက်သူချင်းမို့လား ကျောင်းသားအရွယ် ကဗျာပိုး စာပိုးလေးတွေကို စာနာလို့လားမသိဘူး ဖေးဖေးမမတောင် ပြောပေးပါတယ်။ ပုံနှိပ်တိုက်ဆိုရင် ဘယ်သို့စကားပြောဖို့၊ အရေအတွက်ကို ဘယ်လိုလုပ်ဖို့ စသည်ဖြင့် ရှင်းပြပါသေးတယ်။

            နောက် စီစဉ်သူနဲ့စကားပြောဖြစ်တော့ ကိုယ်ကူညီပေးပါ့မယ်။ လာခဲ့ပါတဲ့။ ကောင်းလိုက်လေခြင်းဗျို့။ အဲဒါနဲ့ ရန်ပုံငွေ အနေအထားအရ မိတ္တူတောင် မကူးနိုင်တော့ပဲ မော်လမြိုင်ဆင်းပြီး ဖယောင်းနဲ့ဖေါက်ကူးထားတဲ့ စာရွက်လေးတွေကို ထုပ်ပိုးပြီး ကဗျာဆရာထဲက ရေးအားအကောင်းဆုံး ကဗျာဆရာရယ်၊ ရိုက်အားအကောင်းဆုံးကဗျာဆရာရယ် ရန်ကုန်ကို ချီတက်ခဲ့ကြပါတယ်။ အောင်မြင်ပါစေ… ။

            တပတ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ အသည်းနှလုံးလေးတွေ ကျွန်တော်တို့ဆီပြန်လည်ရောက်ရှိ လာပါတယ်။ ကာဗာဒီဇိုင်းကိုလဲ အဲဒီစီစဉ်သူကပဲ အခကြေးငွေမယူပဲ ကူညီပေးလိုက်ပါတယ်။ အဆင့်မြင့် အဖုံးအရည်အသွေးနဲ့ဆိုတော့ ကဗျာစာအုပ်က ကြွရွနေတာပဲပေါ့။ အဖုံးနောက်မှာ ကဗျာဆရာတွေရဲ့ နာမည်တောင် ပါလိုက်သေးဗျာ။ တကယ့်ရောင်းတန်းဝင် ကဗျာစာအုပ်တွေရဲ့ ပုံအတိုင်းပဲပေါ့။ မာတိကာတင်ပဲ နှစ်ရွက်ခွဲရှိတယ်ဗျာ။ ထားပါတော့ ရေးကြပါစေ ကိုယ်လဲပါတာကိုးနော်။

            တအုပ်ကို ၆၀၀ ကျပ်နဲ့လဲရောင်းရော ပါးစပ်တွေပြဲကုန်ရောပဲဗျာ။ မရဘူးဝယ်ရမှာပဲ။ အဲဒီအချိန်တုန်းက ဆိုရင် ဈေးကြီးတယ်လို့ပြောနိုင်ပေမယ့် ကျွန်တော်တို့ ရှုံးပါတယ်ခင်ဗျာ။ ကိုယ့်အနုပညာ လုပ်စာလေးကို စားချင်ပေမယ်လို့ ဆုတောင်းတော့ မပြည့်ခဲ့ဘူးပေါ့လေ။ ဒါပေမယ့် ဒီစာအုပ်လေး ဖြစ်မြောက်သွားတာကိုပဲ ဘယ်လိုဝမ်းသာမိမှန်းကို မသိပါဘူး။ မှောင်မှောင်မဲမဲ မီးပျက်တဲ့ညတွေထဲ ဖယောင်းတိုင်မီးလေးနဲ့ စာရွက်တွေစီ၊ တပုံစီပုံ၊ ဖြတ်တောက် ကော်ကပ် ပင်ပန်းခဲ့ရတာတွေက အခုတော့ ဘာမှမဟုတ်တော့သလိုပါပဲ။ အဲဒီအချိန်တုန်းကလဲ ပင်ပန်းတယ်ဆိုပေမယ့် ပျော်နေခဲ့တာပါပဲ။

            ရှားရှားပါးပါး ချီးမွမ်းသံလေးတွေကြားရင် ခံစားရတဲ့ ပီတိဟာ ဘာနဲ့မှကို လဲလို့မရနိုင်ပါဘူး။ အနှစ်ချုပ်လိုက်တော့ ရှယ်ရာအများဆုံး ပါဝင်တဲ့ကဗျာဆရာက အများဆုံးရှုံးပါတယ်။ ကျွန်တော်ကတော့ နဲနဲပါးပါးလောက်ပဲ ပါသွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အများကြီးပိုင်ဆိုင်လိုက်ရတယ်။ အဲဒါဟာ ဘာတွေလဲဆိုတာတော့ ကဗျာစာအုပ် ကိုယ်တိုင်ရေးဖူး ရောင်းဖူးတဲ့ သူတွေသေချာပေါက် သိကြမယ်လို့ ထင်ပါတယ်ဗျာ။

 

(ထိုကဗျာစာအုပ်ဖြစ်မြောက်စေရန် ကူညီခဲ့ကြသူများအားလုံး၊ ကိုအံ့ဖွယ်ဇင် Star Color Pro၊ ဆရာမ မိကောက်၊ ရေးဖော်ရေးဖက် ကဗျာဆရာများအားလုံး နှင့်တကွ ၀ယ်ယူအားပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။)

မလိကျွန်းခရီး(၂)

Posted on September 11th, 2009 in ခရီးတွေရဲ့အကြောင်း | 1 Comment »

တကယ်တော့ ကျွန်တော်တို့ရဲ့ ခရီးက ပျော်သင့်သလောက် အပြည့်အ၀မပျော်ခဲ့ရဘူးဗျ။ ဘာလို့လဲဆိုတော့ ယောက်ျားတွေလုပ်ပြီး အချင်းချင်း စိတ် ကောက်နေကြလို့ပါပဲ။ ဟိုတစ်ယောက်က ကျွန်တော်တို့နှစ်ယောက်ကို ဖဲလိမ်လို့ဆိုပြီး စိတ်ကောက်တယ်။ နောက်တစ်ယောက်ကလဲ ခုနကောင်ကို ဖဲကြွေးမပေးလို့ဆိုပြီး စိတ်ကောက်တယ်။ ကြီးကြီးကျယ်ကျယ်သာ ပြောနေတာပါ၊ ကျွန်တော်တို့ဖဲလိမ်ရိုက်တယ်ဆိုတာကလဲ ကလေးကလားပါ။ တည်းခိုတဲ့ အိမ်အပေါ်ထပ်မှာ ညဖက်ဆို မီးကမရတော့ ဖယောင်းတိုင်လေးထွန်းပြီး ခိုးရိုက်တာဆိုတော့ အလယ်နေရာကလွဲပြီး မှောင်မဲနေတယ် ဆိုပါတော့။ ဖဲအဆင်ကမလှတော့ ရှုံးပွဲတွေကလဲ ထပ်လာတယ်၊ ဒီတော့ သိတဲ့အတိုင်းပေါ့ တစ်ချပ်စ နှစ်ချပ်စ ဥထားတယ်ဗျာ။ ပြီးမှ ဒိုင်လျိုလေးပေါ့ နော့။ ကျွန်တော်ကတော်သေးတယ် ဟိုကောင်တွေ လုပ်တဲ့ပုံကကြည့်ဦး … အဟွတ်ဆိုပြီး ချောင်းလှည့်ဆိုးတာ တော်ရုံနဲ့ ပြန်မလှည့်လာဘူး၊ အသိသာကြီး။ နောက်တကောင်ကလဲ ဟား ဖဲမကောင်းဘူးကွာ ဆိုပြီး တချပ်ကို ခေါင်းပေါ်တင်ပြီး အသာလေးလွှတ်ချတယ်။ အတော်ပိရိရှာပါတယ်၊ ကျွန်တော်က ဟယောင်တွေ ငါသိတယ်နော် ဘာညာနဲ့ မာန်လိုက်ပြီး ဆက်ကစားပါတယ်၊ ဒိုင်က အခြေအနေသိပ်မကောင်းတော့ဘူး တဖြည်းဖြည်းနဲ့ ဘတ်လာပြီ။ ဒီကောင်ကလဲ သိတယ် ဒါပေမယ့် ကျွန်တော်တို့ ထိုးသားနှစ်ကောင်ကို ဖမ်းမမိဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ သည်းမခံနိုင်တော့ပဲ ဖဲဖျက်လိုက်ပြီး ဟယောင်မင်းထကွာဆိုပြီး နောက်တယောက်ကို ထခိုင်းတယ်၊ ဒီကောင့်နောက်မှာ သုံးချပ်လောက်တွေ့ရော၊ နောက် ကျွန်တော်လဲ ထရော နောက်မှာ ဥထားတာလေးတွေ ပေါ်ရော၊ ဟိုကောင်က ၀ူးဝါးဝူးဝါးလုပ်တာပေါ့၊ ဒါနဲ့ကျွန်တော်ပြန်ပြီး ဟယောင်မင်းလဲ ထကွာလို့ပြောတော့ စပ်ဖြဲဖြဲနဲ့ထလဲထရော ဒင်းနောက်မှာလဲ တစ်ပုံ ရှိနေတာကိုး၊ ကျွန်တော်တို့က အားလုံးလိမ်ရိုက်တဲ့အတွက် အလျော်အစား အကုန်ဖျက်တယ်လို့ ပြောတာ ဒီကောင်က လက်မခံဘူး၊ သူနိုင်ထားတာတွေ ပြန်ပေးရမယ်ပဲလုပ်နေတာ။ ကျွန်တော်တို့ကလဲ မပေးဘူးလေ။ ပိုက်ဆံက ဘာမှမဖြစ်စလောက်လေးဗျာ။ ဒါပေမယ့် ဖဲဝိုင်းကပိုက်ဆံက သိက္ခာနဲ့လဲ ဆိုင်တယ် ဆိုပြီး ဇွတ်တောင်းတာ … မပေးဘူး။ လေနဲ့ထိုးတာ လေနဲ့ပဲဖျက်တယ် ဘာဖြစ်လဲ ဟဲဟဲ။

            အဲဒီမှာစပြီး အခြေအနေက တင်းမာလာတာ ကလေးတွေလိုပဲ ထမင်းစားရင် မခေါ်ရတာနဲ့ ရေချိုးရင် ဆပ်ပြာမယူပေးတာနဲ့၊ ညအိပ်ရင် စောင်ကိုဦးထားတာနဲ့၊ ဒိုင်ကိုင်တဲ့ကောင်ကလဲ သူ့လက်စွပ်ကို ထားဝယ်မှာ ဖြတ်ရောင်းခဲ့ရလို့ အစကတည်းကမှုန်နေတာနဲ့ နောက်တကောင်ကလဲ စကားပြောရင် ဆရာကြီးသိပ်လုပ်တာနဲ့ ကျွန်တော်က ကြားထဲမှာ ဟိုဘက်ကို အော်လိုက် ဒီဘက်ကို အော်လိုက်နဲ့ စိတ်ကိုညစ်ရောဗျို့။ ဒါပေမယ့် နှစ်ရှည်လများတွဲလာတဲ့ သူတွေအချင်းချင်းဆိုတော့ ဒါလောက်က ပြောပ လောက်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟိုကောင်ကလဲ ကျွန်တော့်ကို ဘီယာဝယ်ခိုင်းပြီး ပိုက်ဆံပြန်မပေးဘဲနဲ့ သူ့အကြွေးကို မရရအောင် ချေသွားတယ်လေ။ ထားပါတယ် ထားပါတယ်။

            ကျွန်းပေါ်က အထင်ကရ နေရာလေးတွေ၊ အနီးတ၀ိုက်ပင်လယ်က နေရာလေးတွေ လိုက်လံ လည်ပတ်ကြအပြီးမှာ ကျွန်တော်တို့ ပြန်ဖို့ အချိန် ရောက်ခဲ့တယ် ဆိုပါစို့။ ကျွန်းသားတွေကိုလဲ အတော်ဒုက္ခပေးသင့်သလောက် ပေးခဲ့ပြီးပြီဆိုတော့ တော်သင့်ပြီမဟုတ်လား။ ကျွန်တော်တို့ ပြန်ဖို့ကို သင်္ဘောကြုံနဲ့ လိုက်အပ်ပေးကြပါတယ်။ ကုန်သင်္ဘောပဲဗျ၊ မြိတ်ကနေတက်လာတာ။ ရေကြောင်းအခြေအနေကြည့်ဖို့ မလိကျွန်းနားမှာ ခဏရပ်နေတာ။ အဲဒီသင်္ဘောဆီသွားဖို့ ငါးဖမ်းစက်လှေအကြီးနဲ့ သွားရပါတယ်။ ဒါမှ တွယ်တက်လို့ရမှာကိုး။ သင်္ဘောနားတဖြည်းဖြည်းကပ်လာတဲ့နောက် ကြည့်လိုက်တော့ လှေက သင်္ဘောကုန်းပတ်ကို မှီဖို့ အတော်လိုတယ်ဗျ။ မမှီမကမ်းတွယ်တက်ရမှာ။ ပထမဆုံး အရပ်ရှည်ရှည်နဲ့ကောင်၊ သူကကျွန်တော့်ထက်ပိုရှည်တယ်၊ အဲဒီကောင်က လှေကိုကန်ပြီးတက်သွားတော့ နောက်က လိုက်တက်မလို့လုပ်နေတဲ့ကျွန်တော့်မှာ လက်ကသင်္ဘောကုန်းပတ်ဘောင်ကိုကိုင်လျက်သား ခြေထောက်က လှေပေါ်မှာ၊ သင်္ဘောနဲ့ လှေကလဲ ဟိုသကောင့်သားကန်လိုက်လို့ တဖြည်းဖြည်းဟလာတာ ကန့်လန့်ကားယားကြီးဖြစ်နေတယ်။ ဘာလုပ်ရမလဲကို မသိတော့ဘူး၊ လုပ်ကြပါဦး ပြုတ်ကျတော့မယ်ဗျ .. ။  လှေပေါ်မှာကျန်နေသေးတဲ့ကောင်က ကျွန်တော့်ကို ဆွဲယူလိုက်တယ် ပထမတချက်မှာ မပါလာဘူး၊ ဒီအတိုင်းက ဒီအတိုင်းပဲ။ ကားပြီ ငါကားပြီ အား.. နောက်တချက် အားနဲ့ဆွဲချလိုက်တော့မှ လှေပေါ်ကို မူလအနေအထားအတိုင်း ပြန်ရောက်သွားပါတယ်။ ဟူး.. မလွယ်ပါလားနော်။ လှေနံနှစ်ဘက်နင်းတယ်ဆိုတာ မကောင်းတဲ့အရာမှန်း အဲဒီတော့မှ ပိုပြီးမြင်မိသလိုပါပဲ။ ဟိုကောင့်ကို စိတ်ရှိလက်ရှိ ထောပနာပြုလိုက်ပြီး ကျွန်တော့်ကို ဆွဲတင်ခိုင်းတော့မှပဲ ချောချောမောမော သင်္ဘောပေါ် ရောက်သွားပါတော့တယ်။

            သင်္ဘောပေါ်ကနေပြီး လိုက်ပို့ကြတဲ့ ကျွန်းသားတွေကို လက်ပြနုတ်ဆက်နေတုန်း ဟိုဂလန်ဂလားကောင်က ဇာတ်လမ်းစတယ် ဟယောင် ငါ့ပိုက်ဆံအိတ်ကျန်ခဲ့ပြီကွ တဲ့ ၊ သေစမ်း။ အဲဒါနဲ့ပဲ သူတို့ခမျာ ကျွန်းဆီပြန်သွား ပိုက်ဆံအိတ်ကို ကမန်းကတန်း ပြန်ယူပေးရရှာပါတယ်။ ပြီးတော့ နောက်တခေါက်ထပ်မံနုတ်ဆက်ကြတယ်ဆိုပါတော့ဗျာ။ ဒီသုံးကောင် မြန်မြန်ပြန်မှပဲ အေးမှာဆိုပြီး နေမှာနော်။ ဒါပေမယ့် သူတို့ဆုတောင်း ချက်ချင်းတော့ မပြည့်ရှာဘူးနဲ့တူပါရဲ့ဗျာ။ သူတို့တွေ ပြန်သွားပြီး သုံးနာရီလောက် သင်္ဘောပေါ်မှာ ငုတ်တုတ်ထိုင်နေတုန်း သတင်းထွက်လာတယ် သင်္ဘောက ရန်ကုန်မသွားတော့ဘူးတဲ့ မြိတ်ကိုပြန်တော့မှာတဲ့။ လမ်းမှာစစ်ဆေးရေးသတင်းရလို့ဆိုလား ဘာလားတော့ မသိပါဘူး၊ ကိုယ်နဲ့မဆိုင်တော့ ၀င်မပါတော့ပါဘူး။ ဘာမလွတ်ကင်းတဲ့ဟာတွေပါလဲ မသိတဲ့ဟာကို ကျွန်တော်ကလဲ လျောက်ပြောမနေတော့ပါဘူးနော်။ တကယ်ကိုမသိတာဆို။ ရေကြောင်းအခြေအနေမကောင်းလို့ လှည့်ပြန်သွားတယ်ပဲ ထားလိုက်ပါတော့ဗျာ .. နော်။

            အဲဒါနဲ့ လိုက်ပို့ကြတဲ့သူတွေလည်း နောက်ထပ်တခါ ပြန်လာကြပါရောဗျာ။ သူတို့စိတ်ထဲ ဘယ်လိုနေမယ်တော့မသိဘူး ကျိန်ဆဲနေမှာတော့ မဟုတ်လောက်ပါဘူးလေ လို့ ကိုယ့်ဘက်ကိုယ်ယက်တွေးလိုက်ကြတာပါပဲ။ နောက်သင်္ဘောရောက်ဖို့ တစ်ညပြန်အိပ်ပြီး စောင့်ရဦးမယ်မဟုတ်လား။ ကျွန်းပေါ်ကို ပြန်ဆင်းခဲ့ရပါလေရောဗျာ။ အဲဒီညက စိတ်ညစ်ညစ်နဲ့ ကာယာအိုကေတောင် သွားဆိုကြသေးတယ်လေ ဟီး။ ကျွန်တော်ကတော့ မဆိုဘဲနဲ့ နားဒုက္ခလိုက်ခံရတာဗျ။

            သင်္ဘော ထပ်ရောက်ပြီ၊ ဒီတခါတော့ သေချာပါတယ်။ နုတ်ဆက်တဲ့လူတွေခမျာလဲ အားရပါးရတောင် နုတ်မဆက်နိုင်ကြတော့ဘူး။ သင်္ဘောက ခုတခါ ပိုကြီးလာတယ်ဗျ။ ဒါပေမယ့် ကုန်တွေက အပြည့်အသိပ်ပဲ။ ဆီးဆားဗစ်ယူနေတဲ့ သင်္ဘောသားတွေတောင် နေရာကိုယ်စီရကြတာမဟုတ်ဘူး။ ကျွန်တော်တို့က သာဆိုးတာပေါ့။ ကျပ်သိပ်နေတဲ့ အတွင်းခန်းမှောင်ကြုတ်ကြုတ်ထဲ မနေချင်လို့ သင်္ဘောနောက်ဘက် ကုန်းပတ်က အသက်ကယ်လှေ တင်ထားတဲ့ စင်အောက်နားလေးကို ရွေးပြီးနေရာယူလိုက်ကြတယ်။ ပုလင်းခွံအလွတ်တွေကို မြွေခွံအိတ်တွေနဲ့ထုတ်ထားတာ ကုန်းပတ်အပြည့်ပဲဗျ။ လက်တန်းထက်တောင် ကျော်သေးဗျာ။ အဲဒီတော့ ကျွန်တော်တို့နေရာကနေ ၀ါးတီးဆွဲဖို့သွားတဲ့ခါ သင်္ဘောနံရံဘက်ကို ကိုယ်ကြီးယိမ်းပြီး လျောက်ရတာ။ နို့မဟုတ်ရင် ပလုံစွပ်သွားမှာပေါ့။ စက်သံနဲ့ဘာနဲ့ဆိုတော့ ဘယ်သူမှတောင်သိလိုက်မှာမဟုတ်ဘူး။ ဇနကလဲ မဟုတ်တော့ ခုနှစ်ရက်နေနေသာသာ ခုနှစ်မိနစ်တောင် ခံမယ်မထင်ဘူး။ ငါးတွတ်တာနဲ့ လုံးပါးပါးမှာ။

            ပြောရဦးမယ် အဲဒီတုန်းက ဘီယာကိုတောင် အချိုရည်ရောသောက်ရတဲ့ အဆင့်ရှိ ဆရာတွေက အပြန်သင်္ဘောပေါ်မှာ သောက်ဖို့ဆိုပြီး စစ်တပ်ထဲကနေ ရမ်တလုံး ခိုးဝယ်လာသေးတယ်လေ။ တကယ်တမ်းလဲ ပင်လယ်ထဲရောက်ရော ပုလင်းကိုဖွင့်ဖို့နေနေသာသာ ကြမ်းပြင်နဲ့ ခေါင်းနဲ့ကပ်နေရတယ်။ လှိုင်းမူးတယ်ဆိုတာ အတော်ခံရဆိုးတာမျိုးကိုးဗျ။ ကျွန်တော်တို့ထဲမှာ ဖိုက်တာအကျဆုံး၊ ကရာတေးတွေဘာတွေကစားတဲ့ကောင်၊ အခုရဲအုပ်ဖြစ်နေတဲ့ကောင် ပထမဆုံး ကျဆုံးသွားတာပဲ၊ မျက်နှာလေးက အိုလို့၊ နံရံနဲ့ ခေါင်းနဲ့ ခွာလို့မရဘူး၊ ခွာတာနဲ့မူးတာပဲ။ ကျွန်တော်တို့နှစ်ယောက်ကတော့ သူနဲ့စာရင် နဲနဲ ထူထူထောင်ထောင်ရှိသေးတယ်။ သူ့အတွက်ပါ ထမင်းခူးပေးရ ရေခပ်ပေးရ လုပ်ရလို့ နောက်တယောက် ကတော့ ပွစိပွစိနဲ့ပေါ့။ ဟိုကောင်ကလဲ မူးသာမူးနေတာ သူ့အိမ်အတွက် လက်ဆောင်ရလာတဲ့ ဒညင်းသီးတွေကို ဂလန်ဂလားကောင်က ဖွင့်စားလို့ဆိုပြီး စိတ်ကောက်ပြန်ပါရော။ ညစ်တယ် ညစ်တယ်။ ထမင်းစားဖို့ ငါးခြောက်တွေ ထုတ်ရင်လဲ မင်းအထုပ်ထဲကလဲ ထုတ်ဦးကွ ငါ့ထဲကပဲ ယူတာများနေပြီ ဘာညာနဲ့ စကားက များနေကြပါသေးတယ်။ အလကားရလာတဲ့ဟာတောင်မှ စမန်ခုတ်နေကြတာ။

            ညဖက်အိပ်ရတဲ့နေရာကလဲ ပုလင်းခွံတွေထိုးထိုးထောင်ထောင်နဲ့ဆိုတော့ နေသားကျအောင် ပုံစံအမျိုးမျိုး ပြောင်းလဲခွေခေါက်ပြီး စမ်းသပ်အိပ်ကြည့်ရတယ်ဗျ။ အဆင်ပြေတဲ့ အနေအထားလေးရတော့မှပဲ စိတ်ချလက်ချ မှေးနိုင်တော့တယ်။ မနက်လင်းတဲ့အခါမှာတော့ ကျောကုန်းမှာ ပုလင်းရာလေးတွေနဲ့ပေါ့ဗျာ၊ ခြေမွှေးမီးမလောက် လက်မွှေးမီးမလောင် နေလာရတဲ့ ကောင်တွေမဟုတ်တော့ ဒါလောက်ကတော့ စကားထဲထည့်မပြောပါဘူး စာထဲသာထည့်ရေးတာပါ ဟဲဟဲ။ နှစ်ရက်လောက်လဲ ရှိရော ကျွန်တော်တို့နေရာက ပုလင်းတွေကလဲ နင်းပါများလို့ကွဲတဲ့ဟာ ကွဲကုန်တယ်။ ကျွန်တော့် လေခေါင်းအုံးလေးတောင်မှ ပေါက်သွားတယ်ဗျာ။ အန္တရယ်ရှိတယ်ဗျ လူပျိုနုနုလေးတွေ ဖင်ပြဲလို့ကတော့ ပင်လယ်ထဲမှာ ဆားငံရည် စိမ်ဖို့ပဲရှိတယ်။ တဖြည်းဖြည်းနဲ့ အသားကျလာတော့ အကာမရှိတဲ့ ကုန်းပတ်ပေါ်မှာလဲ အေးဆေးပဲသွားနိုင်လာတယ်။ အရင်နေရာမှာ အိပ်လို့မရတော့ ကုန်းပတ်အစပ်နား ပုလင်းအိတ်ပေါ်မှာ ဖြေတဘက် လက်တဖက် လေထဲတန်းလန်းနဲ့လဲ အေးဆေးပဲ အိပ်တက်လာတယ်။ သင်္ဘောသားတွေကတောင် ခဏခဏလာပြောနေရတယ် ဆင်းဆယ်မယ်တော့ မထင်နဲ့နော်တဲ့။

            ကမ်းမမြင်လမ်းမမြင် ပင်လယ်မှာ နှစ်ရက်လောက်ပဲ နေရသေးတယ်၊ လူက အူကြောင်ကြောင်ဖြစ်လာသလိုပဲ။ ပျင်းလိုက်တဲ့အမျိုးဗျာ။ ဖဲရိုက်မယ် ဆိုတဲ့စကားလဲ ဘယ်ကောင်မှ မစတော့ဘူး။ တရက်မှာ ကောင်းကင်မှာ ကြယ်တွေပျောက်နေတယ် စိတ်ကူးယဉ်စရာမကောင်းတဲ့ ပင်လယ်ညပဲဗျ။ အဲ့လိုဖီလင်ပျက်နေတုန်းရှိသေး မိုးရွာရောဗျို့။ ကျွန်တော်တို့နေရာက မိုးကမလုံဘူး တဖြည်းဖြည်း ရွှဲစိုလာတယ်။ သင်္ဘောသားတွေ အခန်းကိုလဲ ခုချိန်မှ သွားမ၀င်ချင်ဘူးလေ။ အိုင်တင်ခံလိုက်အုံးမယ်ပေါ့။ လက်ဆောင်ပေးထားတဲ့ တယောက်စ နှစ်ယောက်စကတော့ လာခေါ်ရှာပါတယ်။ တာဝန်ကျေလေးပေါ့။ သွားလဲ တစ်ယောက်စာပဲ နေရာရှိတာဆိုတော့ စိုလဲ အကုန်အတူအစိုခံကြတာပေါ့ဗျာ။ အတော်လေး အခြေအနေဆိုးလာတော့မှ ကပ္ပတိန်အခန်းမှာ သွားဝင်ခွေကြရပါတော့တယ်။ သင်္ဘောသားအခန်းလောက်တော့ ဘာလုပ်မှာလဲနော့။

            ကျွန်းကနေ ကျွန်တော်တို့ကို လက်ဆောင်ပေးလိုက်တာ အများကြီးပဲဗျ ဘူးသီးအကြီးကြီးအရွယ်လောက်ရှိတဲ့ နာနတ်သီးကြီးတွေရော။ ငှက်ပျောခိုင်ကြီးရော၊ ငါးခြောက်တွေ၊ ရေဘ၀ဲခြောက်တွေ၊ နှစ်ချို့ပျားရည်တွေရော၊ လမ်းမှာစားဖို့ အခြောက်အခြမ်းတွေရော စုံလို့ပဲ။ ဒါပေမယ့် လမ်းမှာ အနေအစားချောင်အောင်လို့ သင်္ဘောသားတွေကို မျက်နှာလုပ်ရတာနဲ့ ရန်ကုန်လဲရောက်ရော ပျားရည်လေး တယောက်တပုလင်းပဲ ကျန်ပါရောလား။ ဟိုပုလင်းတလုံးကိုလဲ ကိုယ်မသောက်နိုင်မှတော့ သူများကိုလဲ လှုဒါန်းသမှုပြုလိုက်ရတာပေါ့လေ။

            မော်တင်ဆိပ်ကမ်းကိုရောက်တဲ့အခါ ရန်ကုန်မှာဘာသတင်းတွေ ကြားထားလဲတော့မသိဘူး အစစ်အဆေးတွေက ရစ်လိုက်တဲ့အမျိုးဗျာ။ ရဲရော စစ်တပ်ရော၊ လ၀ကရော အကုန်ပေါင်းစစ်တာ ဗျ။ ဒီတချီတော့ အခြေအနေမကောင်းဘူးပေါ့။ လ၀က ကလူပါစစ်တယ်ဆိုတော့ ငါ့မှတ်ပုံတင်လေးတော့ နာပြီဆိုပြီ ရင်ခုန်ရပြန်ရောဗျို့။ ဒါပေမယ့် သိတယ်မဟုတ်လား လက်ရာသိပ်မြောက်တော့ ဘယ်သူမှမသိကြဘူးလေ။ ဒါပေမဲ့ ရဲတွေက ကျွန်တော်တို့ကို မယုံဘူးဗျ၊ မလိကျွန်းကိုအလည်သွားတာ ဆိုတာကို ဘာသွားလုပ်တာလဲချည်းပဲမေးနေတာ။ ပုလဲမွေးတဲ့ကျွန်းဆိုတော့ ဘာတွေမသင်္ကာဖြစ်သလဲမသိဘူး ကျွန်တော်တို့အိတ်တွေကို အကုန်ဖွင့်ချစစ်တာဗျာ။ အိတ်တွေထဲကနေ မလျော်ရသေးတဲ့ အတွင်းပစ္စည်းတွေရော လုံးလိပ်ထွက်လာတာပေါ့၊ ပုရွက်ဆိတ်တွေတောင်တက်လို့၊ ပျားရည်တွေကို ပြောတာနော်။ ဟင်း .. ရှက်လိုက်တာ။ အဲဒါနဲ့ ကျွန်တော်က ၀ူးဝါးနဲ့ ဟန်ကိုယ့်ဖို့ လျောက်ပြောရတာပေါ့။ ဟိုကောင် အခုရဲအုပ်လုပ်နေတဲ့ကောင်က အထစ်အထစ်နဲ့ သူ့ဘိုးအေတွေကို ဘာတွေ ကြောက်နေမှန်းကို မသိဘူး။ သူဦးဆောင်ပြီးခေါ်သွားတဲ့ခရီးစဉ်ကို သူရေရေလည်လည် မပြောနိုင်ဘူး။ တော်သေးတယ် ဒီတခါတော့ ရဲစခန်းမပါသွားတာပဲ ကျေးဇူးတင်ရမလိုလို။

            အဲဒီလိုနဲ့ တကျွန်းပြန်ကြီး သုံးယောက်သား ရန်ကုန်ကို ခြေပြန်ချခဲ့ကြတယ်ဆိုပါတော့ဗျာ။ သုံးရက်လောက် ရေလဲမချိုးထား၊ ငါးခြောက်တွေနဲ့ လုံးထွေးအိပ်လာတဲ့ ကျွန်တော်တို့ကို တက်စီဆရာကတောင် ရှုံ့မဲ့မဲ့နဲ့ မောင်းပို့ရပါတယ်။ သုံးရက်လောက်ရှိတဲ့အထိ လှိုင်းမူးတဲ့အရှိန်က မကုန်သေးပဲ လမ်းလျောက်ရင် ယိုင်ယိုင်သွားတက်သေးတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ အားအားယားယား ခရီးစဉ်တခုကတော့ အလွဲလွဲအချော်ချော်နဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတော့တယ်။­­­

မလိကျွန်းခရီး (၁)

Posted on September 9th, 2009 in ခရီးတွေရဲ့အကြောင်း | 1 Comment »

ကျွန်တော်က ခရီးသွားရတာ ရေလည်ကြိုက်တဲ့ကောင်ပါ။ ဘော်ဒါတွေနဲ့ အေးရာအေးကြောင်း လျောက်သွားနေရရင် ပျော်နေရော။ အဲဒီလို သွားခဲ့တဲ့ခရီးစဉ်တွေထဲက အမှတ်ရစရာလေးတွေကို ဖေါ်ကောင်လုပ် အဲလေ ဖေါ်ပြချင်ပါတယ်။

            အချိန်က ကျွန်တော်တို့တွေ ဘွဲ့ရပြီးကာစ ဆိုပါတော့၊ ဘော်ဒါတစ်ကောင်က သူ့အဒေါ်ရှိတဲ့ မြန်မာနိုင်ငံအောက်ပိုင်းက ကျွန်းတစ်ကျွန်းကို သွားဖို့ အဆိုပြုလာတယ်။ နောက်တစ်ကောင်ကလဲ လိုက်ပြီးသားပဲ ဆိုတော့ကာ ကျွန်တော်နဲ့ဆို ပေါင်း သုံးယောက်ပေါ့။ ဒီကောင်နှစ်ကောင်က ရန်ကုန်ကို ဘွဲ့ယူဖို့ဆိုပြီး ထွက်လာကတည်းက အဲ့ဒီအစီအစဉ်ကို ဆွဲလာခဲ့ပြီးသားလေ။ ရန်ကုန်ရောက်တော့မှသာ ကျွန်တော့်ကိုပြောတာ၊ ဒါပေမယ့် ကျွန်တော်ကလဲ နှစ်ခါခေါ်ရတဲ့ကောင်မဟုတ်တော့ကာ ဒီကောင်နှစ်ကောင်ဘွဲ့ယူပြီး နောက်တနေ့မှာပဲ ရထားလတ်မှတ်သွားဝယ်ကြပါတယ်။

            ဖြစ်ချင်တော့ လက်မှတ်က ထားဝယ်အထိမရတော့ဘူး၊ ရေး အထိပဲရတော့တယ်ဗျာ ဒါတောင် ရိုးရိုးတန်းရယ်။ ကျွန်တော်တို့ကလဲ မရဘူး သွားချင်ပြီဟေ့ဆိုရင် ဇွတ်ပဲဆိုတော့ကာ နောက်ရက်လဲ မဆုတ်တော့ဘဲနဲ့ ရိုးရိုးတန်းနဲ့ ရေး အထိစီးမယ် အဲ့ဒီကနေမှ လက်မှတ်ဆက်ဝယ်ကြမယ်ပေါ့၊ တခါမှ မသွားဖူးပဲနဲ့ ဖြစ်ချင်ရာဖြစ် စီစဉ်ကြတာလေ သိတယ်မလား။

            သွားမယ့်နေ့ရောက်တော့ မြန်မာ့မီးရထားအကြောင်းလဲ မသိတာမဟုတ်ဘဲနဲ့ အစောကြီး ရောက်နေကြတယ်။ ဒါပေမယ့် သိတယ်မလား ဟိုဟို ဒီဒီ လေ့လာလို့ရတာပေါ့လေ။ နှစ်နာရီကျော်လောက် ငမ်းပြီး အဲလေ စောင့်ပြီးတဲ့အချိန်မှာတော့ မီးရထားကြီး စတင်ထွက်ခွာပါတော့တယ်။ ပြောရရင်ဗျာ တသက်နဲ့တကိုယ် ရိုးရိုးတန်း တခါပဲစီးဖူးပါတယ်၊ တကယ်တော့ ရှယ်တန်းဗျ ကလေးတွေက ကျွန်တော်တို့ ခေါင်းမှီတဲ့ တန်းပေါ်တက်ထိုင်လိုထိုင်၊ အဒေါ်ကြီးတွေက အလယ်လူသွားလမ်းမှာ ဖျာခင်းအိပ်လိုအိပ်၊ အိမ်သာကလဲ ချောင်းကြည့်ပေါက်ကလေးတောင် ပါသေး။ ဘယ်ကလာ ရိုးရိုးတန်းဟုတ်ရမှာလဲ ရှယ်ဗျရှယ်။ လူကြိုက်များလွန်းလို့ လှေခါးထစ်မှာတောင် ငုတ်တုတ်စီးတဲ့လူပါသေးတယ်။ အဲ့လိုနဲ့ပေါ့လေ သစ်သားခုံပေါ် မရမက ခွေခေါက်အိပ်ရင်း ဟန်ဒီကမ်လေးတလုံးနဲ့ ဟိုဟိုဒီဒီရိုက်ရင်း ရေးကို ဆိုက်ရောက်ခဲ့ပါတော့တယ်။

            အဲ့မှာစတွေ့တော့တာပဲဗျို့ ၊ လက်မှတ်ရဖို့နေနေသာသာဗျာ ဘယ်မှာဝယ်ရမှန်းတောင် မသိ၊ ရထားကလဲ ခုပဲ ပြန်ထွက်တော့မှာ၊ လူတွေကလဲများလိုက်တဲ့အမျိုး။ ကျွန်တော်တို့နေရာကတော့ ဖယ်ပေးလိုက်ရတယ်ဗျာ၊ ပိုက်ဆံထပ်ပေးပြီး အဲ့ဒီအတွဲမှာပဲ တွန်းတိုက်ခွေခေါက်တိုးဝှေ့ပြီး စီးကြတာပေါ့။ ဒါပေမယ့် မခံစားနိုင်ဘူးဗျာ ပထမအခြေအနေထက် ရှယ်သည်ထက်ရှယ်လာတဲ့အခါမှာ အကြံကုန်တော့ ငထုံ ဆားချက်ရမှာပဲဆိုပြီး သုံးယောက်စလုံး ရထားပေါ်ကဆင်းလိုက်တယ်။ စိတ်ကူးတာက အခြား လူချောင်တဲ့အတွဲမှာ သွားပြောင်းစီးမယ်ပေါ့။ ဒါပေမယ့် တွဲစေ့ ဒါမျိုးချည်းပဲဆိုတော့ ဒီကောင်တွေ တိုင်ပတ်နေတာပေါ့ အထုပ်အပိုးတွေ ကိုယ်စီနဲ့ ယောင်လည်လည်လုပ်နေတုန်း ရထားက ဘီးစလိမ့်ပြီ … အား… ဟိုးထား အော်လဲမရဆိုတော့ မထူးဘူး ရထားခေါင်းတွဲရှေ့က မိုင်းခံတွဲဆိုတာရှိတယ်။ အဲ့ဒီဘက်ဒေသတွေက လုံခြုံရေးအရ မိုင်းခံတွဲ တပ်မောင်းကြတယ်။ မိုင်းထောင်ထားရင် ခေါင်းတွဲကို စမထိအောင် ရှေ့ကခံထားတဲ့ တွဲလွတ်ကြီးပေါ့။ အကာအရံမရှိဘူး သံပြားချည်းပဲ။ အဲ့ဒီအပေါ်မှာ စစ်သားတွေရယ် ရဲတွေရယ် ပစ္စည်းအချို့ရယ် လူနည်းနည်းရယ်ရှိတယ်။ အဲ့ဒီတွဲကိုပဲ မဲပြေးရတာပေါ့ ကျွန်တော်တို့ အဲ့ဒီမှာ စီးချင်လို့ပါ။ ရမလားဆိုပီး မေးမြန်းတက်စီးရတယ်ဗျာ။ ကိုကိုစစ်သားကြီးက ပိုက်ဆံထပ်တောင်းလို့ ပေးလိုက်ရသေးတယ်လေ။ မောင်အေးသုံးကောင် နှစ်ခါနာတာပေါ့။ သံပြားခင်း မိုင်းခံတွဲပေါ်မှာ ထမင်းထုပ်ကလေးတွေ ၀ယ်စားလို့ ဖြစ်ပျက်နေကြတာဗျာ ပျော်စရာတော့ကောင်းပါရဲ့၊ မိုင်းပေါက်ရင်တော့ သကြားမင်းဖင်ကို ခေါင်းနဲ့ပြေး ဆောင့်မိဖို့ပဲရှိတယ်။

            တဖြည်းဖြည်းက နေကလဲ ၀င်လာပြီး လေကလည်း အကာအကွယ်မဲ့ တိုးနေတော့ ချမ်းလာပြီ ဒီတော့ ပုဆိုးလေးတွေထုတ်ပြီး ခြုံထားကြရတယ်။ ဒေသခံအဒေါ်ကြီးတွေက ကျွန်တော်တို့ကို ကြည့်ပြီး ဖျားနေကြလို့လားတဲ့၊ ပြောထားပေါ့ သူတို့ကသွားနေကြကိုး ဘယ်မှုပါ့မလဲ။ ဒီမှာ ဘယ်ခံစားနိုင်ကြပါ့မလဲ .. အေးချက်က ဟူးဟူး…။ ထူးခြားတာကဗျာ အဲ့ဒီဘက်က မီးရထားက ရန်ကုန်ကဘတ်စ်ကားလိုပဲဗျ ဘူတာမဟုတ်လဲ ဘယ်နေက တားတား ရပ်တာပဲ … ကျွီအီအီ ဆိုပြီး တားသမျှ အကုန်တင်တာပဲဗျ။ ၀ါးပင်က အချွန်တွေကလဲ မျက်နှာဘေး ၀ှီးကနဲဝှီးကနဲ ဖြတ်ဖြတ်သွား နေကြတာ ဘယ်အချက်ထိမလဲပဲဗျို့။ ဒါပေမယ့် ကျွန်တော်တို့က အလယ်နေရာနား ယူထားကြတော့ သိပ်မှုစရာမလိုဘူးပေါ့လေ။

            အဲ့ဒီ ဒါပေမယ့်က ကြာကြာမခံလိုက်ပါဘူးဗျာ၊ ဘူတာတခုကိုရောက်တော့ တိုင်ကီပုံးကြီးတွေ အများကြီးပဲ မိုင်းခံတွဲပေါ်တင်ပါလေရောဗျာ။ ကျွန်တော်တို့တွေ ဘုံပျောက်ပြီ။ တိုင်ကီတွေပေါ်တက်ထိုင်တော့လဲ မထိုင်ရဘူးတဲ့ နောက်က စက်ခေါင်းတွဲက ရှေ့ကိုမမြင်ရလို့တဲ့။ ဘော်ဒါတယောက်ကတော့ စိတ်လျော့ပီး စူပါရှယ် လူစီးတွဲထဲ ပြန်လည်ခိုလှုံဖို့ ပြန်သွားပါတယ်။ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်ကတော့ ပေကပ် ပြီး တိုင်ကီဘေးက တစ်ပေလောက်စာ နေရာလေးမှာ ငုတ်တုတ်ထိုင်စီးကြပါတယ်။ အမေသာသိရင် ဆဲလို့တောင်လောက်မှာမဟုတ်ဘူး။ ကိုင်တွယ်ထားစရာလဲ မရှိဘူး တိုင်ကီတွေက ဆီချေးတွေနဲ့ ချွဲနေတာ၊ ဒါပေမယ့် ကျွန်တော်က ရောက်တဲ့နေရာမှာ ဖြစ်သလိုအိပ်တက်တဲ့ အကျင့်ရှိတော့ အဲ့ဒီ တစ်ပေသာသာ သံပြားပေါ်မှာ မရမက ငိုက်လာပါရောဗျာ၊ ၀ါးချွန်တွေကလဲ တ၀ှီးဝှီး ပါးကိုခြစ်သွားလိုက် ပုခုံးကို ခြစ်သွားလိုက်နဲ့ ဘာမှမဖြစ်လို့သာ တော်တော့တယ်။ ဒဲ့သာ ထိုးလို့ကတော့ ခုဆို တစ်လုံးကန်းဖြစ်ပြီ။ ဘေးလက်တန်းမပါတဲ့ တံတားတွေဖြတ်တဲ့ချိန်ဆို အဆိုးဆုံးပဲဗျို့ ရထားကလဲ အကာမရှိ တံတားကလဲ အကာမရှိနဲ့ အသည်းကိုအေးရော။ ပြုတ်သာကျလို့ကတော့ ချောင်းထဲဗွမ်းဖို့ပဲရှိတယ်။ ဒီလိုနဲ့ ထားဝယ်ကို ညအတော်မှောင်မှ ရောက်ခဲ့ကြပါတယ်။

            အဲ့ဒီအချိန်က အလုပ်သမားတွေ တရားမ၀င် သွားလာမှုများတဲ့ကာလမို့ အစစ်အဆေးတွေ အတော်များတယ်ဗျ။ ကျွန်တော်က အဲဒီတုန်းက မှတ်ပုံတင်ပျောက်နေတော့ ကိုယ့်ဘာသာကိုယ် ပုံစံတူလေးလုပ်ထားတာလဲရှိတော့ အဲဒါလေးနဲ့ သုံးနေရတာ။ ဘူတာက အထွက်မှာ မှတ်ပုံတင်စစ်တာတင် သုံးဂိတ်တောင်ရှိတယ်ဗျာ။ အဲ့မှာတင် လက်ဖျားကအေးလာပြီ ဟဲဟဲ ချမ်းလို့ပါ။ အသိအကျွမ်းမရှိတဲ့ဒေသမှာ တခုခုတိုင်ပတ်လို့ကတော့ မလွယ်ဘူးလေ။ ဒါပေမယ့် သိတယ်မဟုတ်လား ခပ်တည်တည်ပဲပေါ့။ ကျွန်တော်တို့အရှေ့မှာ လူငါးယောက်လောက်ကို ဖမ်းခေါ်သွားပါတယ် မှတ်ပုံတင်မပါတာရော.. မေးတာကို ရေရေရာရာမဖြေနိုင်တာရောပါတာပေါ့။ ရဲတွေက အဲဒီလူတွေကို လိုင်းကားတစ်စီးပေါ်တင်ထား ပါတယ်။ ကျွန်တော်တို့အလှည့်ရောက်တော့ အေးဆေးပါပဲ မှတ်ပုံတင်ပုံစံတူလေးက လက်ရာသိပ်မြောက်တယ်လေ ဟဲဟဲ ဖေါင်းကြွတံဆိပ်ကအစ ကျွန်တော့်လက်ရာကိုးနော်။ ဂိတ်တွေကနေထွက်လာတဲ့နောက် လိုင်းကားတွေကလဲ ကုန်ပြီ၊ ခုနက ဖမ်းထားတဲ့လူတွေ တင်ထားတဲ့ကားပဲကျန်တယ်ဗျာ။ အဲ့ဒါနဲ့ မေးကြည့်တော့ ရတယ်တဲ့ လိုက်ပို့ပေးမယ်တဲ့။ အကြာကြီးစောင့်ပြီးမှ ခုနက ဆရာသမားတွေကို ထပ်မံစစ်ဆေးဖို့ရန် ရဲစခန်းကိုပင့်သွားတာ ကျွန်တော်တို့လဲ အချောင်ရဲစခန်းထဲ ပါသွားကြပါလေရော။ နဂိုထဲကမှ ကျောမလုံရတဲ့အထဲ ရုံးရောက်ဂတ်ရောက်နဲ့ စိတ်ကိုညစ်ရောပဲဗျာ။

            မြို့ထဲရောက်တော့ အနီးဆုံးတည်းခိုခန်းကို ပို့ပေးပါပြောတော့ ကားဆရာက တကယ်ကိုအရောက်ပို့သွားပါတယ်။ တကယ်ကိုပို့သွားတာပါ။ ပထမတစ်ညက ခရီးပန်းတာနဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိပါဘူး။ နောက်နေ့မနက်အတော်နောက်ကျတဲ့ထိ အိပ်နေကြတုန်းပဲဗျာ၊ အဲဒီအချိန်အထိ ဘာမှမသိသေးဘူး၊ နောက်တော့ရေမိုးချိုး ပုလောကိုဆက်သွားဖို့ ကားလက်မှတ်သွားဝယ်၊ ဟိုဟိုဒီဒီလျောက်သွား လက်စွပ်လေးတွေ ဖြတ်ရောင်းစား နဲ့ပေါ့။ တည်းခိုခန်းဘေးက နံရံမှာ အရက်သေစာမသောက်စားရလို့ ကပ်ထားတော့ကာ ကျွန်တော်တို့ခမျာ ဆန့်ငင်ငင်ကြီးဖြစ်နေတယ်ဗျာ။ ဒါပေမယ့် သေချာကြည့်လိုက်တော့ တည်းခိုခန်းအောက်ထပ်မှာ ပိုင်ရှင်ကိုယ်တိုင်က အရက်ဆိုင်ဖွင့်ထားသကိုးဗျ၊ ဘယ်လိုနားလည်ရမလဲတောင် မသိတော့ ပါဘူးဗျာ။ ထားပါတော့ အဲလိုနဲ့ပဲ နဲနဲပါးပါးသောက်ကြတယ် ဆိုပါစို့။

            စိတ်ညစ်တယ်ဗျာ၊ အရက်ဆိုတာ မူးချင်လို့ ခါးခါးအရည်တွေကို ကြိတ်မှိတ်သောက်တာဗျ၊ ခုတော့ ခါးသာခါးတာ မမူးဘူးဖြစ်နေတယ်၊ သောက်တာလဲများပြီ၊ ကျွန်တော်တစ်ယောက်ထဲဖြစ်နေတာထင်လို့ ဟိုနှစ်ကောင်ကို မေးကြည့်တော့လဲ သူတို့လဲ အတူတူပဲတဲ့ မမူးဘူးတဲ့ ကောင်းရော။ ဆရာသမားက ဘယ်လိုလုပ်ချလိုက်ပြီလဲမသိဘူး။ သူ့တည်းခိုခန်းမှာတည်းနေတာဆိုတော့ ပြဿနာလဲ မရှာချင်တော့တာနဲ့ အေးရာအေးကြောင်း အခန်းပြန်ပြီး ဖဲရိုက်ကြပါတယ်။ မူးလဲမမူးကြဘဲနဲ့ ဟယောင်ငါနိုင်ဘီကွ .. ပေးရမ်း .. လက်ငင်းဘဲ .. အေ့ .. လာထား တွမ်တီဝမ်း .. ဟားဟား မင်းလန်ဘီ အဲဒီလို လုပ်မူးကြီးမူးနေရပါတယ် နို့မို့ဆို ဘယ်တန်မလဲနော်။

            ခုနက ဇာတ်လမ်းပြန်စရရင် ပထမညက ပင်ပန်းလို့သာအိပ်ပျော်သွားတာ ခုတော့ ယားသလိုလို မကြာမကြာဖြစ်နေတာတော့ သိတယ်။ ဒါပေမယ့် သိပ်အာရုံထဲမထားဖြစ်ဘူး။ ဘော်ဒါတကောင်က …ယားပြီးတော့ ခေါင်းအုံးစွပ်ကို သွားချွတ်လိုက်တဲ့အချိန်မှာ အား………………………………. ခေါင်းအုံးစွပ် ထောင့်တစ်ထောင့်စီမှာ ဟဲဗီးဆိုက်ကြမ်းပိုးတွေ ရာဂဏန်းရှိတယ်ဗျာ၊ အိုး.. ဆိုးဝါးချက်။ သူက မနေနိုင်မထိုင်နိုင် မီးနဲ့လိုက်ရှို့နေတယ်၊ ကျွန်တော်တော့ ရွံလွန်းလို့ တည်းခိုခန်းပြောင်းဖို့လုပ်တယ် ဒါပေမယ့် ဒီနေက ကားဂိတ်နဲ့လဲ နီးတယ် ချက်ခြင်းပြောင်းဖို့ကလဲ မှောင်နေပြီ၊ မနက်ဖြန်မနက်အစောကြီး ကားစီးရတော့မှာ စတာတွေကို စဉ်းစားလိုက်ပြီးတော့ ပြန်ငြိမ်နေလိုက်ရပါတယ်။

            အဲ့ဒါတောင် ဟိုကောင်က အငြိမ်မနေနိုင်သေးဘူး။ မွှေ့ယာကို ထပ်ဖွတယ် အိုး………….. သေသင့်တယ် သေသင့်တယ်.. ခေါက်ချိုးထောင့်ကြား တိုင်းမှာ ရာပေါင်းများစွာသော ကျက်သရေမဲ့ ကပ်ပါးကောင်များ နန်းတော်တည်ထားတာ။ လုံးဝကို မရတော့ဘူး အဲ့ဒီည ဧည့်ခန်းမှာသွားအိပ်ကြတယ်။ ခြင်ကလဲ ကိုက်လိုက်တဲ့အမျိုးဗျာ။ တည်းခိုခန်းက နာမည်နဲ့ လိုက်ပါပေတယ် ။ အသားတွေ နီလာ အောင်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ တကယ်ကို နီလာပါတယ်ဗျာ။ နောက်နေ့ မနက် ကားဂိတ်သွားတော့ ဂိတ်ကလူတွေကမေးတယ် ညီတို့ဘယ်မှာတည်းကြတာလဲတဲ့ ကျွန်တော်တို့က နာမည်လဲပြောပြ လိုက်ရော သြော် ကြမ်းပိုးဂိုထောင်မှာကိုးတဲ့ … တခါထဲ သေချင်စိတ်ကိုပေါက်ရော .. ကားဆရာကျွန်တော်တို့ကို ပို့သွားပုံများပြောပါတယ်။

            ပုလောမြို့ကို ဆက်စီးရတဲ့ကားက မီနီဘတ်စ်လေးနဲ့ပါ၊ အပြင်ကကြည့်တော့ ဟုတ်မလိုလိုနဲ့ အတွင်းဘက်လဲဝင်ရော လမ်းလျောက်စရာ နေရာလဲ မရှိဘူး၊ ကုန်စိမ်းတွေ ကုန်ခြောက်တွေ ပြည့်လို့ပဲ။ ကုန်းကွကျော်ခွပြီး ကိုယ့်နေရာကိုယ်ယူရတာ။ အ၀င်ခက်အထွက်ခက်ကြီးဗျ မလွယ်ဘူး။ ပိုဆိုးတာက ကျွန်တော့ဘေးမှာ ပိန္နဲသီးကြီးတွေ လက်နဲ့ခဏခဏ ထိုးမိတယ်။ အနံ့တွေကလဲ အီနေတာပဲ။

လမ်းမှာ ထမင်းစားနဲ့တဲ့အခါမှာတော့ ထူးခြားတဲ့ဓလေ့လေးတခုကိုလဲ တွေ့ရသေးတယ်ဗျ။ ထမင်းကြော်မှာစားကြတယ်ဗျာ အဲဒီမှာ ကြက်သားစွပ်ပြုတ်လဲ လာချပေးတယ်ဗျ။ ဒါပေမယ့် ကြက်သားတုံးက တစ်တုံးပဲပါတော့ မျက်စောင်းထိုးနေကြတယ် ငါဦးအောင်ခပ်မှဆိုပြီးတော့ပေါ့။ အဲလိုကြံစည်နေတုန်းမှာပဲ တစ်ဝိုင်းတည်းထိုင်တဲ့လူက ကျွန်တော်တို့ကို ဒီနယ်ကမဟုတ်မှန်းသိလို့ထင်ပါရဲ့ ညီလေးတို့ ကြက်သားဟင်းရည်သောက်ချင် သောက် ဒါပေမယ့် ကြက်သားတုံးကို မစားနဲ့တဲ့။ ဘာလို့လဲမေးတော့ သူက ဟင်းရည်သောက်ရင် ပိုက်ဆံမပေးရဘူး အသားတုံးစားရင် တပွဲစာရှင်းရတယ် တဲ့၊ အဲ့လိုလား ဒါဆို ဘယ်စားမလဲ ကြက်စွပ်ပြုတ်ဆိုတာ ဟင်းရည်သာအရသာရှိတာ အသားက ပေါ့ရွှတ်ကြီးဟာကိုနော်။ ဟင်းရည်ချည်း လှိမ့်သောက်ကြတာပေါ့။

ထားဝယ်ကလူတွေ စကားဝဲတာများ လွန်တယ်ဗျာ။ ထမင်းစားပြီးတော့ အအေးမှာတာ စပါကလင် မှာတဲ့ဟာကို ပြန်ပြောတာ လာကပ်ဆဲသွားသလိုပဲ မိန်းကလေးတန်မဲ့နဲ့။ သုံးခါလောက်ပြန်မေးမှ စပါကလင်မရှိဘူး လီမွန်ပဲရှိတယ် လို့ပြောတာတဲ့.. ဟူး မလွယ်ပါလား။ ပုလောမြို့ လဲရောက်ရော ခဏတဖြုတ်နားကြပါတယ်။ ဘော်ဒါရဲ့ အသိလက်ဖက်ရည်ဆိုင်မှာပေါ့လေ။ လှေကြုံစောင့်ရင်း နှပ်ကြတာပေါ့။ ကျွန်တော့်သူငယ်ချင်း တယောက်က ရေဆာလို့ ဆိုင်မှာခိုင်းတဲ့ ကောင်မလေးကို ရေသောက်ချင်တယ်လို့သွားပြောတော့ ဟိုက တိုင်ကီပြတ်ကြီးကို လက်ညှိးထိုးပြပြီး ရေချိုးခွက် ကြီးကမ်းပေးတယ်။ ဟိုကောင်လဲ ယောင်နနနဲ့ တိုင်ကီထဲသွားကြည့်တော့ အောက်ခြေမှာ ရေညှိစိမ်းတွေတောင် တက်နေတဲ့အနေအထားဖြစ်နေတယ်။ ရေကတော့ ကြည်တယ် ဆီလေးတော့ နဲနဲ ဝေ့သယောင်ယောင်။ ဒါပေမယ့် ခုမှ မသောက်တော့ဘူး ငြင်းလိုက်ရမှာလဲ အားနာပြီး ဘယ်ညာတချက်လောက် ရေကိုလှုပ်လိုက်ရင်း အသက်အောင့် သောက်ပါတော့တယ်။ သူ့ဓလေ့နဲ့ သူကိုးလေ  ဘာတက်နိုင်မလဲနော်။ ဟိုကောင်ကတော့ မျက်နှာကြီးရှုံ့မဲ့ပြီး ကျွန်တော်တို့အနားပြန်လာပါတယ်။ ကျွန်တော်တို့ကတော့ ရေဆာလဲ ခုတော့အောင့်ထားလိုက်အုံးမယ်လေး ဆိုပြီး ငြိမ်နေလိုက်ပါတယ်။

ညနေစောင်းလောက်ရောက်တော့ ရေချိုးမယ်လုပ်တော့ စားပွဲခင်းလေးတွေလာပေးတယ်ဗျ။ ဘာလုပ်ဖို့လဲမေးတော့ အဲဒါပတ်ပြီး ရေချိုးဖို့တဲ့လေ ကောင်းရော။ ကျွန်တော်တို့မှာ မလုံ့တလုံလေးနဲ့ စက်စီကျကျရေချိုးရတာပေါ့ဗျာ။ ဒီဇိုင်းကွက်လေးတွေကလဲ လန်းတယ်လေ။ အဲ့လိုနဲ့ ဖလန်းဖလန်း ဖြစ်သွားတဲ့ခါ လှေဆိပ်ကိုဆင်းကြရော၊ အစက စစ်တပ်လှေကြုံဆိုတော့ မှန်းထားတာ သံဘော်ဒီနဲ့ စတင်းဂန်းလေးဘာလေး ချိတ်ထားတဲ့ ဟာမျိုးလားပေါ့။ နောက်တော့ဘယ်ဟုတ်မှာတုန်း ရိုးရိုးစက်လှေပဲ ဘာမှလဲမထူးဘူး။ အဲ ဒါပေမယ့် နောက်တော့မှ ထူးမှန်းသိတာဗျ။ စက်လှေက အင်ဂျင်နှစ်လုံးတပ်လေ ဒါပေမယ့် တလုံးကပျက်နေတယ်။ မောင်းနေရင်းနဲ့ တစ်လုံးထိုးရပ်သွားတဲ့အခါ လှေက ပတ်ချာလည် ၀လုံးပုံကြီးသွားနေရော။ ပဲ့ကို အင်ဂျင်တစ်လုံးစာ ပြန်ချိန်ပြီး မောင်းနေရင်း ဟိုတစ်လုံးပြန်ကောင်းသွားတဲ့အခါ နောက်တဖက်ကို လည်သွားပြန်ရော။ တစ်စီးထဲ ဖြစ်ပျက်နေတာပြောပါတယ်။ အဲဒီလိုနဲ့ ပြန်ချိန်လိုက် ပြန်ပျက်သွားလိုက်နဲ့ ကျွန်တော်တို့ရဲ့ ဦးတည်ရာ မလိကျွန်းကို ရောက်ရှိခဲ့ပါတော့တယ်။ ကျွန်းက ထင်တာထက်ကို တော်တော်ကြီးတာကိုး။

            ပင်လယ်စာတွေဆိုတာကတော့ အမုန်းပဲဗျို့ ၊ ကျွန်တော်လို အစာသိပ်မစားတဲ့ကောင်တောင် သုံးပန်းကန်လောက် ပုံမှန်စားဖြစ်တယ်။ ဒူးရင်းသီး ဆိုတာ ခြံတွေထဲမှာ ကိုယ့်ဘာသာသွားကောက် ကြိုက်တာရွေးစားရုံပဲ။ အခေါ်တွေကလဲ အစုံပဲဗျ။ အရသာရယ် အသီးပုံစံရယ်ကိုလိုက်ပြီး ခေါ်တာထင် ပါရဲ့။ အစားအသောက်ကတော့ မီးလိုတောက်ကြတာပေါ့ဗျာ။

            ဟဲဟဲ ပြောရဦးမယ်။ ကျွန်တော်တို့တည်းတဲ့အိမ်မှာ သာလိကာတစ်ကောင်ရှိတယ်။ စကားအတော်အတန်ပြောတက်နေပြီပေါ့။ သူ့အိမ်ကလူတွေ က ယဉ်ကျေးအောင်သင်ထားတော့ စားပြီးပြီလား ဘာလုပ်နေလဲ ပြန်ပြီလား မင်္ဂလာပါ သြကာသ စသဖြင့် နာပျော်ဖွယ် စကားတွေပြောတာပေါ့ဗျာ။ ကျွန်တော်တို့ ရောက်ပြီး တစ်ပတ်လောက်လဲကြာရော ကြက်တူရွေးဆီက ချီးပဲ မင်းဘာကောင်လဲ ခွေးမသား မိုက်လား အဲလိုအသံတွေထွက်လာတော့ အိမ်ရှင်တွေခမျာ အတော် စိတ်မသက်သာပုံ ရပါတယ်။ တက်နိုင်ဘူးလေဗျာ သူက လိုက်နားထောင်နေတာကိုးနော်။

            သူများဒေသမှာဆိုတော့ အနေအထိုင်ဆင်ခြင်ရပါတယ်။ ဖြစ်ချင်တော့ တနှစ်နေလို့ တခါသူခိုးမရှိတဲ့ကျွန်းက ကျွန်တော်တို့ရောက်တဲ့နေ့မှာပဲ စစ်တပ်ထဲက တီဗွီတစ်လုံးပျောက်သွား တယ်ဆိုပါရောလား။ ကိုယ့်ကိုများ ယုန်ထင်ကြောင်ထင်ရင် ဒုက္ခဆိုပြီး အသွားအလာ ဆင်ခြင်နေရပါသေးတယ်။ဒါပေမယ့် ညနေဘက်ကိုတော့ ဘော်ရုံသွားပီး ဘော်ထိုးကြပါတယ်။ ဘိလိယက်ခုံကို သူတို့က ဘော်ခုံလို့ ခေါ်ကြပါတယ်။ အဲ့ဒါသွားသွားဆော့ကြတယ်ဆိုပါတော့၊ ဧည့်သည်ဆိုတော့ တခါတလေ အားနာပါးနာနဲ့ အလကားပေးထိုးသေးတယ် မဟုတ်လား။ ကောင်းလေစွ။

            ကျွန်တော်ကိုက ကံဆိုးတယ်ဗျာ၊ တညမှာပေါ့ အိပ်ပျော်နေတုန်း လက်ကိုစူးကနဲဖြစ်ပြီး လန့်နိုးလာတယ် ညာဘက်လက်ခလယ်မှာ … အား….. သေမတက်နာတယ်ဗျာ.. လူကိုဆတ်ဆတ်တုန်ရောပဲ.. မှောင်မဲနေတာ ဘာမှလဲမမြင်ရဘူး လျပ်စစ်မီးကလဲ မရှိ၊ ဟိုကောင်တွေလဲ နိုးလာပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေတယ်။ အိပ်အောက်ထပ်ကို တုန်တုန်ချိချိနဲ့ဆင်းလာရော ကျွန်တော့်သူငယ်ချင်းအဒေါ်က မေးတယ် ဘာကောင်လဲတဲ့ ကျွန်တော်က ဘာကောင်မှန်းကိုမမြင်လို့ ပိုလန့်တာပေါ့ဗျာ။ နာတာလဲသေတော့မယ်။ သူက ထပ်မေးတယ် ခု ဘယ်ထိနာလဲတဲ့၊ ဖြစ်တာက လက်ခလယ် တချောင်းလုံးနာနေပြီ၊ ဒီမှာအန်တီဆိုပြီး ထောင်ပြရင်လဲ မကောင်းဘူးလေ။ အံကြိတ်ပြီး တအစ်အစ်ဖြစ်နေတာပေါ့။ ခဏနေတော့ ထပ်မေးတယ် ဘယ်ထိနာနေပြီလဲတဲ့ အဲဒီအချိန်မှာ လက်ကောက်ဝတ်နားထိ အဆိပ်ကတက်လာပြီ။ ဘာလုပ်ရမှန်းကိုမသိဘူး။ သူတို့ကတော့ အေးဆေးပဲ။ ကျွန်တော့်ကို ဆေးတစ်လုံးပေးတယ်။ ကျွန်တော်လဲ အားကိုးတကြီးနဲ့သောက်တာပေါ့။ နောက်ခဏနေတော့ထပ်မေးတယ် ဘယ်ထိရောက်ပြီလဲတဲ့။ ကျွန်တော်က လက်ဖျံတ၀က်ထိရောက်လာပြီလို့ပြောတော့ အင်း တတောင်ဆစ်ကျော်ရင်တော့ အခြေအနေမကောင်းဘူး ခုလောက်ကနေ ကျသွားရင်တော့ ရိုးရိုးကင်းကိုက်တာနေမှာပါတဲ့။ အီးယား ဘယ်လိုလုပ်ရပါ့နော်… တံတောင်ဆစ်ထိအဆိပ်က တက်လာပြီ၊ ကွိုင်ပဲ လက်တော့ ပုပ်တော့မှာပဲပေါ့။ ဒါပေမယ့် ခဏနေတော့ တဖြည်းဖြည်းနဲ့ လျော့လျော့လာတယ်ဗျ။ ခုနက ဆေးတံခိုးကြောင့်နေမှာ၊ ဟင်း .. စောစောက မပေးပဲနဲ့ဗျာ .. နေနိုင်ကြတဲ့လူတွေ။ ဒီလိုနဲ့ နာနေတုန်းပေမယ့် အိပ်ငိုက်လာတာနဲ့ တဖြည်းဖြည်း အိပ်ပျော်သွားပါရော။

            နောက်နေ့မနက်ရောက်တော့ သက်သာသွားပြီ ဒါပေမယ့် လက်က ထိလို့မရဘူး၊ ထိတာနဲ့ ၁၁၀ ဗို့လောက်ရှိတဲ့ လျပ်စစ်အားနဲ့ တို့သလိုပဲ ကျိန်းနေတာ .. အတော်ဆိုးတယ်ဗျ။ လူတွေကမေးရင် ဘယ်နားလဲပြဖို့ကလဲခက်တယ် ခဏခဏလက်ခလယ်ထောင်ပြနေရတာ မကောင်းဘူးလေဗျာ။ ဒါနဲ့ စကားမစပ် မနေ့က ကျွန်တော့်ကိုတိုက်တဲ့ဆေး ဘာဆေးလဲအရမ်းကောင်းတာပဲမေးတော့ သူငယ်ချင်းအဒေါ်ကပြန်ဖြေတယ် ဘာမီတွန်လေ တဲ့။ ဖြစ်ရမယ်… ဖြစ်ရမယ်။ ………….(ဆက်လက်ရေးသားပါမည်)